#Local_News
Published 10 February 2026

▪️ တိုင်းဒေသကြီးနှင့် ပြည်နယ် ၇ ခုက တက္ကသိုလ်များတွင်၂၀၂၅-၂ဝ၂၆ ပညာသင်နှစ်အတွက် တက္ကသိုလ်လေ့ကျင့်ရေးတပ်ဖွဲဝင် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအားအခြေခံစစ်ပညာသင်တန်းနဲ့ တန်းမြင့်စစ်ပညာသင်တန်းများ ကို ယမန်နေ့က စတင်ဖွင့်လှစ်သင်ကြားပေးနေကြောင်းသိရသည်။

▪️ တက္ကသိုလ်များတွင် ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူ‌များကို အခြေခံစစ်ပညာနှင့် တန်းမြင့်စစ်ပညာများ သင်ကြားလေ့ကျင့်ပေးခြင်းဖြင့် နိုင်ငံတော်ကာကွယ်ရေးဆိုင်ရာ အသိအမြင်များရရှိကာ အနာဂတ်နိုင်ငံတော်၏ တာဝန်များ ထမ်းဆောင်သည့်အခါတွင် အထောက်အကူရရှိကာ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်များ ပိုမိုရင့်သန်လာစေရန်နှင့် ယုံကြည်ချက်၊ ခံယူချက်မြင့်မားပြီး အရည်အချင်းပြည့်ဝစေရန် ရည်ရွယ်ချက်ဖြင့် ကိုယ်တိုင်ဆန္ဒပြုသည့် တက္ကသိုလ်လေ့ကျင့်ရေးတပ်ဖွဲ့ဝင် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများကို ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ ပြည်သူ့စစ်နှင့် နယ်ခြားတပ်များ ညွှန်ကြားရေးမှူးရုံး၏ တက္ကသိုလ်လေ့ကျင့်ရေးတပ်များမှ လေ့ကျင့်ရေးသင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်းသိရသည်။

▪️ ထိုသို့ ဖွင့်လှစ်ပေးလျက်ရှိရာတွင် ယမန်နေ့က ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်လေ့ကျင့်ရေးတပ်ဖွဲ့ဝင်များ အခြေခံစစ်ပညာသင်တန်းနှင့် တန်းမြင့်စစ်ပညာသင်တန်းဖွင့်ပွဲများကို နေပြည်တော်ကောင်စီနယ်မြေတွင်လည်းကောင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့တွင်လည်းကောင်း၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်တွင်လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်တွင်လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့တွင်လည်းကောင်း နယ်မြေခံသင်တန်းကျောင်းများ၌ အသီးသီး ကျင်းပခဲ့ကြောင်း သိရသည်။

▪️ ယခုဖွင့်လှစ်သည့် သင်တန်းများမှာ ပထမနှစ်အခြေခံစစ်ပညာသင်တန်း၊ ဒုတိယနှစ်အခြေခံစစ်ပညာသင်တန်း၊ ပထမနှစ်တန်းမြင့်စစ်ပညာသင်တန်းနှင့် ဒုတိယနှစ်တန်းမြင့်စစ်ပညာသင်တန်းတို့ဖြစ်ပြီး သာမန်သင်တန်းချိန်နှင့် စခန်းချလေ့ကျင့်ချိန်အလိုက် သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

#YMG/SW #Yangon_Times