#Local_News
Published 25 March 2026

▪️ လယ်ဝေးမြို့နယ်၌ ဇမ္ဗူသမဝါယမအသင်း၏ ကြက်ကောင်ရေ ၁၈၀,၀၀၀ မွေးမြူနိုင်သည့် Pullet House နှစ်ရုံနှင့် Layer House ခြောက်ရုံပါဝင်သည့် အကြီးစားစီးပွားဖြစ် မွေးမြူရေး စီမံကိန်းကိုပြုလုပ်နေကြောင်း သိရသည်။

▪️ အဆိုပါ လယ်ဝေးမြို့နယ် မျိုးဇမ္ဗူသမဝါယမအသင်း၏ ခေတ်မီနည်းပညာသုံး မဟာနွယ် ဥစားကြက် မွေးမြူရေးခြံဖွင့်ပွဲကို ယမာန် နေ့ မနက်ပိုင်းက ကျင်းပရာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသိုက်စိုးသည် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် သမဝါယမအသင်းအဆင့်အဆင့်မှ တာဝန်ရှိသူများ၊ မျိုးဇမ္ဗူသမဝါယမအသင်းမှ ဥက္ကဋ္ဌနှင့် သမဝါယမအသင်းသား အသင်းသူများ၊ သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ တက်ရောက်သည်။

▪️ ဒုတိယဝန်ကြီးက မျိုးဇမ္ဗူသမဝါယမအသင်း၏ ခေတ်မီနည်းပညာသုံး မဟာနွယ် ဥစားကြက်မွေးမြူရေးခြံကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး မွေးမြူရေးခြံများကိုလှည့်လည်ကြည့်ရှုသည်။

▪️ ယင်းနောက် ဒုတိယဝန်ကြီးက ယနေ့ဖွင့်လှစ်လိုက်သည့် မျိုးဇမ္ဗူသမဝါယမအသင်း မဟာနွယ် ဥစားကြက်မွေးမြူရေး စီမံကိန်းအနေဖြင့် မြေဧရိယာ ၂၄ ဧကပေါ်တွင် စုစုပေါင်း ကြက်ကောင်ရေ ၁၈၀၀၀၀ မွေးမြူနိုင်သည့် Pullet House နှစ်ရုံနှင့် Layer House ခြောက်ရုံပါဝင်သည့် အကြီးစားစီးပွားဖြစ် မွေးမြူရေး စီမံကိန်းဖြစ်ပါကြောင်း၊ စီမံကိန်း အပြည့်အဝ လည်ပတ်မည်ဆိုလျှင် တစ်နေ့ ကြက်ဥ ၁၈၀၀၀၀ ခန့် ထုတ်လုပ်နိုင်မည်ဖြစ်ပြီး ပြည်တွင်းဈေးကွက်တွင် ဈေးနှုန်းတည်ငြိမ်စွာ အရည်အသွေးမြင့် ကြက်ဥများကို ထုတ်လုပ်ပေးနိုင်မည်ဖြစ်ပါကြောင်း၊ ထိုကဲ့သို့ သော စီမံကိန်းများသည် နိုင်ငံတော်၏ စားနပ်ရိက္ခာလုံခြုံမှုကို အထောက်အကူပြုသော အရေးပါသည့်လုပ်ငန်းများဖြစ်ပါကြောင်း၊ ဤစီမံကိန်းတွင် ခေတ်မီ Closed-House System ကို အသုံးပြုထားသည့်အတွက် Biosecurity စနစ်မြင့်မားခြင်း၊ ထုတ်လုပ်မှုစွမ်းဆောင်ရည် တိုးတက်ခြင်း၊ အရည်အသွေး ထိန်းချုပ်နိုင်ခြင်းတို့ကို အထောက်အကူပြုနိုင်မည်ဖြစ်ပါကြောင်း၊ယခုကဲ့သို့ ဥစားကြက်မွေးမြူရေးစီမံကိန်းကို တည်ထောင်ခြင်းဖြင့် ဒေသခံပြည်သူများကိုလည်း အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည်ဖြစ်သလို ဒေသဆိုင်ရာစီးပွားရေးလုပ်ငန်းများ တိုးတက်လာစေမည်ဖြစ်သည့်အပြင် မွေးမြူရေးကဏ္ဍ တိုးတက်ရေးအတွက် နမူနာကောင်းတစ်ခုလည်း ဖြစ်လာနိုင်သဖြင့် အထူးအရေးပါသည့် စီမံကိန်းတစ်ခုဖြစ်ပါကြောင်း၊ ယနေ့နိုင်ငံတော်တွင် လူဦးရေတိုးလာသည်နှင့်အမျှ အသားစားသုံးမှုလည်း တိုးလာသကဲ့သို့ ဥစားသုံးမှုနှုန်းလည်း မြင့်တက်လာပါကြောင်း၊ ဥစားကြက်မွေးမြူရေးသည် စနစ်တကျလုပ်ကိုင်မည်ဆိုလျှင် နေ့စဉ်ဝင်ငွေရရှိစေသော တွက်ခြေကိုက်သည့် လုပ်ငန်းတစ်ခုဖြစ်ပါကြောင်း၊ ဥစားကြက်များသည် အစာနှင့်ဆေးကောင်းလျှင် အကောင်ကြီးထွားနှုန်း၊ ဖြစ်ထွန်းမှုနှုန်းမြန်ပါကြောင်း၊ အစာနှင့်ရေကို အချိန်မှန်မှန်အထူးဂရုစိုက် တိုက်ကျွေး၍ ရောဂါကာကွယ်ဆေးများ တိုက်ကျွေးခြင်း၊ ထိုးနှံခြင်းများပြုလုပ်ပေးရမည်ဖြစ်ပါကြောင်း ပြောကြားသည်။

▪️ ထို့နောက် မျိုးဇမ္ဗူသမဝါယမအသင်း၏ တာဝန် ရှိသူက ဥစားကြက်မွေးမြူရေးလုပ်ငန်းအကြောင်းကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

#YMG/NN #Yangon_Times