#Local_News
Published 25 February 2025
▪️ ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ် နယ်မြေတွင် တရားမဝင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသည့် အင်ဒိုနီးရှားနိုင်ငံသား ၁၀၁ ဦး၊ နမီးဘီးယားနိုင်ငံသား ခြောက်ဦး၊ သီရိလင်္ကာ နိုင်ငံသား ငါးဦး၊ ကင်ညာနိုင်ငံသား လေးဦး၊ အိန္ဒိယနိုင်ငံသား လေးဦး၊ တောင်အာဖရိကနိုင်ငံသား လေးဦး၊ ဇင်ဘာဘွေနိုင်ငံသား သုံးဦး၊ နိုင်ဂျီးရီးယားနိုင်ငံသား သုံးဦး၊ မလေးရှားနိုင်ငံသား နှစ်ဦး၊ ဘီနင်နိုင်ငံသား တစ်ဦးနှင့် ဘူရွန်ဒီနိုင်ငံသား တစ်ဦး၊ စုစုပေါင်း ပြည်ပနိုင်ငံသား ၁၃၄ ဦးတို့အား မြန်မာ-ထိုင်း အမှတ်(၂)ချစ်ကြည်ရေး တံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်း စာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကို ရှေးရှု၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ထပ်မံလွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ ပြည်နှင်လွှဲပြောင်းပေးမှုလုပ်ငန်းများ စနစ်တကျရှိစေရေးနှင့် အဆင်ပြေ ချောမွေ့ စေရေးအတွက် မြဝတီခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်းနှင့် တာဝန်ရှိသူများက ဌာနဆိုင်ရာများနှင့်တွေ့ဆုံကာ စာရင်းဇယား၊ အချက် အလက်များ ကိုက်ညီမှုရှိရေးနှင့် ပြည့်စုံမှန်ကန်မှုရှိရေးတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကြောင်း သိရသည်။
▪️ ထိုသို့ ပြည်နှင်လွှဲပြောင်းပေးအပ်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ကျော်သန်းနှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံ ဆိုင်ရာ အင်ဒိုနီးရှားနိုင်ငံသံရုံးမှ
Minister Counsellor Mr. Mohamad Arif Sulaksono နှင့်တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံဆိုင်ရာ မလေးရှားနိုင်ငံသံရုံးမှ Counsellor Ms. Jarin Sijaya Abdul Hathi နှင့်တာဝန်ရှိသူများ၊ မလေးရှားနိုင်ငံဆိုင်ရာ နမီးဘီးယားနိုင်ငံသံရုံးမှ Second Secretary Ms. Laina S Mundilo နှင့်တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံးမှ Administrative and Technical Staff Mr. Deepak Pathak နှင့်တာဝန်ရှိသူများ၊ သီရိလင်္ကာနိုင်ငံ၊ ကင်ညာနိုင်ငံ၊ တောင်အာဖရိက နိုင်ငံ၊ ဇင်ဘာဘွေနိုင်ငံ၊ နိုင်ဂျီးရီးယားနိုင်ငံ၊ ဘီနင်နိုင်ငံနှင့် ဘူရွန်ဒီနိုင်ငံတို့မှ သံရုံးကိုယ်စားလှယ် Mr. Tana Judah Hira နှင့်တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံမှ တာဝန်ရှိသူတို့က သက်ဆိုင်ရာနိုင်ငံများမှ တာဝန်ရှိသူများထံသို့ ပြည်နှင်လွှဲပြောင်း လက်ခံရေးဆိုင်ရာ အထောက်အထား စာရွက်စာတမ်း များကို စနစ်တကျ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
#YMG/PP #Yangon_Times