တိုကျို၊မတ် ၆၊၂၀၂၆- လိုင်စင်မရှိဘဲ အလှပြင်ခွဲစိတ်မှုတွေ လုပ်ပေးနေတဲ့ မြန်မာဆရာဝန်တစ်ဦးအပါအဝင် မြန်မာ နှစ်ဦးကို ဖမ်းဆီးလိုက်တယ်လို့ မတ်လ ၆ရက်နေ့မှာ အင်န်အိတ်ချ်ကေ သတင်းက ဖော်ပြပါတယ်။ သူတို့က လိုင်စင်မရှိဘဲ အလှပြင်  ခွဲစိတ်မှုတွေ လုပ်ပေးနေတယ်လို့ သံသယရှိလို့ဖမ်းဆီးလိုက်တာလို့ဆိုပါတယ်။

တိုကျိုရဲတပ်ဖွဲ့ရဲ့ အဆိုအရတော့ ဒီအမျိုးသားနှစ်ယောက်ဟာ ပြီးခဲ့တဲ့ ၂၀၂၅ မေလကနေ ဒီနှစ် ဖေဖော်  ဝါရီလအထိ တိုကျိုမြို့ထဲက အိမ်တစ်လုံးနဲ့ အဆောက်အအုံတစ်ခုမှာ ဆေးကုသခွင့်ဥပဒေကို ချိုးဖောက်   ပြီး လုပ်ကိုင်နေခဲ့ကြတာလို့ သိရပါတယ်။

ဖမ်းဆီးခံရသူတွေကတော့ အသက် ၄၁ နှစ်အရွယ် မျက်နှာခွဲစိတ်အလှုပြုပြင်ဆရာဝန် ဒေါက်တာ  ကြည်ချမ်းကို နဲ့ အသက် ၃၀ အရွယ် ကိုစိုးဝင်းနိုင် တို့ဖြစ်ပါတယ်။ သူတို့ဟာ အသက် ၃၀ ဝန်းကျင် မြန်မာ  အမျိုးသမီး သုံးယောက်ကို မျက်ရစ်  ဖော်ဖို့ဆိုပြီး မျက်ခွံခွဲစိတ်မှုတွေ လုပ်ပေးခဲ့တယ်လို့ စွပ်စွဲခံထားရ တာပါ။ ဒါ့အပြင် သူတို့နှစ်ယောက်က လူနာတွေကို ဆေးထိုးပေးတာတွေပါ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီကိစ္စ ဘယ်လိုပေါ်ပေါက်လာသလဲ  ဆိုတော့ အဲဒီအမျိုးသမီးတွေက ခွဲစိတ်ပြီးကတည်းက မျက်လုံးဖွင့်  ရတာ အဆင်မပြေတော့ဘူးဆိုပြီး ပြီးခဲ့တဲ့နှစ် ဇွန်လမှာ တိုကျိုရဲတပ်ဖွဲ့ကို သွားရောက်  တိုင်ကြား ခဲ့ရာ ကနေ စသိခဲ့ရတာပါ။

kyichankojapan

သံသယရှိသူတွေဟာ ဆိုရှယ်မီဒီယာတွေမှာ ကြော်ငြာပြီး ဖောက်သည်ရှာခဲ့ပုံရပါတယ်။ အဲဒီအမျိုးသမီး  သုံးယောက်က သူတို့အနေနဲ့ ဒေါ်လာ ၇၆၀ ကနေ ၁,၂၀၀ ကြားလောက် ပေးခဲ့ရတယ်လို့ ရဲတွေကို ပြောပြခဲ့ပါတယ်။ အခုတော့ သူတို့မျက်လုံးအောက်မှာ အနီရင့်ရောင် အမာရွတ်တွေ ကျန်နေခဲ့တဲ့အပြင် တခြားပြဿနာတွေပါ ကြုံနေရတဲ့အတွက် ဒီခွဲစိတ်မှုလုပ်ခဲ့မိတာကို အရမ်းနောင်တရနေကြပါတယ်။

ရဲတွေဘက်ကတော့ ဒီခွဲစိတ်မှုတွေမှာ တခြား ကူညီပေးတဲ့သူတွေလည်း ရှိဦးမယ်လို့ ထင်ထား  ကြပါတယ်။ ပြီးတော့ သူတို့အနေနဲ့ တခြားဖောက်သည်တွေကိုလည်း အခုလို တရားမဝင် ခွဲစိတ်မှုတွေ ထပ်လုပ်ပေးခဲ့တာမျိုး ရှိနိုင်တယ်လို့ ယူဆနေပါတယ်။ စုံစမ်းစစ်ဆေးရေးမှူးတွေကို ကိုစိုးဝင်းနိုင်ကတော့ သူဟာ ခွဲစိတ်မှုတွေမှာ ဘေးကနေ ကူညီပေးရုံပဲ ကူညီခဲ့တာပါလို့ ထွက်ဆိုထားပါတယ်။ ဒါပေမဲ့ ခွဲစိတ်မှု တွေကို ကိုယ်တိုင်လုပ်ခဲ့တယ်လို့ သံသယရှိခံထားရတဲ့ ကိုကြည်ချမ်းကိုကတော့ ဒီစွပ်စွဲချက်တွေကို ငြင်း  ဆိုထားပါတယ်။ သူကတော့ ဘယ်လို ဆေးဘက်ဆိုင်ရာ ကုသမှုကိုမှ လုပ်ခဲ့တာမရှိပါဘူးလို့ ပြောဆိုထား  တယ်လို့ သတင်းမှာဖော်ပြထားပါတယ်။

Source NHK