#Local_News
Published 14 July 2025
▪️ ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုဗိုစီဗစ်မြို့၌ ဇူလိုင် ၁၁ ရက်မှ ၁၃ ရက်အထိ ကျင်းပသော အစားအစာနှင့် ခရီးသွားပြပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု ခရီးသွားမြှင့်တင်ရေးပြခန်း ပါဝင်ပြသခဲ့ကြောင်း သိရသည်။
▪️ အဆိုပါပြပွဲကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုဗိုစီဗစ်ဒေသရှိ စက်မှု၊ ကုန်သွယ်ရေးနှင့် စွန့်ဦးတီထွင်မှုဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနနှင့် ဆိုက်ဗေးရီးယားရှိ စားသောက်ဆိုင်နှင့် ဟိုတယ်လုပ်ငန်းရှင်များဖက်ဒရေးရှင်းတို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ကျင်းပခြင်းဖြစ်ပြီး ပြပွဲကာလအတွင်း ကုန်စည်ပြပွဲများ၊ ခရီးသွားမြှင့်တင်ရေးအစီအစဉ်များ၊ စကားဝိုင်းဆွေး နွေးပွဲများ၊ အစားအစာ အချက်အပြုတ်ပြိုင်ပွဲများ၊ ဝိုင်နှင့် ချိစ်ပြိုင်ပွဲများပါဝင်၍ ယဉ် ကျေးမှုအကများ၊ တေးသံသာများဖြင့် ဖျော်ဖြေခဲ့ကြကြောင်း၊ ပြပွဲသို့ နိုင်ငံတကာမှ ခရီးသွားလုပ်ငန်းအဖွဲ့အစည်းများ၊ စားသောက်ဆိုင်နှင့် ဟိုတယ်လုပ်ငန်းရှင်များ၊ ချိစ်နှင့် ဝိုင်အပါအဝင် အစားအစာထုတ်လုပ် ရောင်းချသူများ၊ ကုန်ပစ္စည်းထုတ်လုပ်ရောင်း ချသူများ၊ ဂီတနှင့် အနုပညာရှင်များ၊ ဧည့်လမ်းညွှန်များ၊ ရင်းနှီးမြှုပ်နှံသူများနှင့် မီဒီယာများ ပါဝင်တက်ရောက်ခဲ့ကြကြောင်း သိရသည်။
▪️ မြန်မာကိုယ်စားပြုပြခန်းကို ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ စီစဉ်ကြီး ကြပ်မှုဖြင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်းများက ပါဝင်ပြသ ခဲ့ခြင်းဖြစ်ပြီးပြခန်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ပညာတော်သင်ရောက်ရှိနေသည့် သင်တန်းသားများနှင့် မြန်မာမိသားစုများက အစားအစာပြင်ဆင်ချက်ပြုတ်ခြင်း၊ မြန်မာ့ ရိုးရာယဉ်ကျေးမှုအကအလှများဖြင့် ဖျော်ဖြေခြင်းတို့တွင် ဝိုင်းဝန်းကူညီပါဝင် ဆောင်ရွက် ပေးကြကြောင်း၊ မြန်မာ ခရီးသွားပြခန်းတွင် မြန်မာ့ရိုးရာအစားအစာများဖြစ်သော မုန့်ဟင်းခါး၊ လက်ဖက်၊ မြန်မာဝိုင်အစရှိသည်တို့ကို နမူနာပြင်ဆင်ချက်ပြုတ်ပြသကာ ပြခန်း သို့ လာရောက်သူများကို ဧည့်ခံကျွေးမွေးခြင်း၊ မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများနှင့် ခရီးသွားဆွဲဆောင်မှုများအကြောင်း ရှင်းလင်း မိတ်ဆက်ပြောကြားခြင်းနှင့် ရုရှား − မြန်မာနှစ်နိုင်ငံမှ ဟိုတယ်၊ ခရီးသွားနှင့် အစားအသောက်လုပ်ငန်း ဆောင်ရွက်သူများ အချင်းချင်း အပြန်အလှန် ပူးပေါင်းဆောင်ရွက်နိုင်ရန် ချိတ်ဆက်ခြင်းများကို ဆောင်ရွက်ခဲ့ ကြောင်း၊ ထို့အပြင် မြန်မာ့ရှေးခေတ်စစ်သူကြီးဝတ်စုံများ၊ မှူးမတ်ဝတ်စုံများ၊ သူငယ်တော်ဝတ်စုံများဖြင့် တွဲဖက်ကာ ဓာတ်ပုံရိုက်ခြင်း၊ မြန်မာ့ရုပ်သေးအက၊ မြန်မာ့ရိုးရာစောင်း၊ ဦးရွှေရိုး ဒေါ်မိုးအကတို့ဖြင့် ဖျော်ဖြေခြင်းတို့ကို ဆောင်ရွက်ရာ ပြခန်းသို့ လာရောက်သူများ အထူးစိတ်ဝင်စားကြကြောင်း သိရသည်။
▪️ ပြပွဲသို့ ပါဝင်ပြသခြင်းဖြင့် မြန်မာ့ရိုးရာအစားအစာများ၊ မြန်မာ့ယဉ်ကျေးမှု အနုပညာများနှင့် မြန်မာနိုင်ငံ၏ အထင်ကရခရီးစဉ်ဒေသများအကြောင်းကို ပြပွဲသို့ လာရောက်သူများထံ တိုက်ရိုက်ဖြန့်ဝေဆောင်ရွက်နိုင်ခြင်း၊ ရုရှားခရီးသွားများ မြန်မာနိုင်ငံအကြောင်းကို ပိုမိုသိရှိကာ လာရောက်လည်ပတ်ရန် ဖိတ်ခေါ်ခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့ရာ ရုရှားခရီးသွားဈေးကွက်မြှင့်တင်နိုင်ရန်အတွက် အထောက်အကူဖြစ်စေသည့် အစီအစဉ်တစ်ရပ်အဖြစ် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times