၁၇ ဧပြီ ၂၀၂၅
နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ ဧပြီ ၁၇ ရက် ညနေပိုင်းတွင် ထိုင်းနိုင်ငံဘန်ကောက်မြို့၌ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ မလေးရှားနိုင်ငံဝန်ကြီးချုပ် Mr. Anwar Ibrahimနှင့်တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ နစက သတင်းထုတ်ပြန်ရေးအဖွဲ့က အတည်ပြုသတင်း ထုတ်ပြန်ပါတယ်။
ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် မြန်မာနိုင်ငံငလျင်ဘေးဒဏ်မှ ပြန်လည်ထူထောင်ရေးတွင် အာဆီယံ အသိုက်အဝန်းမှစည်းလုံးညီညွတ်မှုဖြင့် ဆက်လက်ကူညီဆောင်ရွက်ရေး၊ မြန်မာအာဆီယံ အသိုက်အဝန်းမှပူပေါင်းဆောင်ရွက်ရေးကိစ္စများအား ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြတယ်လို့ သတင်းထုတ် ပြန်ချက်မှာဖော်ပြထားပါတယ်။
တွေ့ဆုံပွဲတွင် ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ဟောင်း Mr. Thaksin Shinawatra လည်း တက်ရောက်ခဲ့ တယ်လို့သတင်းရရှိပါတယ်။
အသေးစိတ်အချက်အလက်တွေကိုတော့ ထိုင်းနှင့် မလေးရှားဘက်ကပါ ထုတ်ပြန်ခြင်းမရှိသေးပါဘူး။
ထိုင်းဝန်ကြီးချုပ်ဟောင်း မစ္စတာ သက်ဆင်ရှင်နာဝါထရာဟာ အာဆီယံဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ် မစ္စတာ အန်ဝါအီဗရာဟင်နှင့် မြန်မာနစက ဥက္ကဋ္ဌ ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့နှင့် ဘန်ကောက်မြို့ရှိ Rosewood Bangkok တွင် ညစာဖြင့်တည်ခင်းဧည့်ခံနေတယ်လို့ ထိုင်းသတင်းမီဒီယာ များကရေးသားဖော်ပြကြပါတယ်။