Published 6 April 2022
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ အိန္ဒိယသံအမတ်ကြီးအသစ် မစ္စတာ ဗီနေးကူးမား H.E. Mr. Vinay Kumar ဟာ ဒီကနေ့ ဧပြီလ(၆)ရက် မနက်က နေပြည်တော်ရှိ နစက ဥက္ကဋ္ဌရုံး၊သံတမန်ဆောင်မှာ ယင်းရဲ့သံအမတ်ခန့်အပ်လွှာကို နစက ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်ထံ ပေးအပ်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
နစက ဥက္ကဋ္ဌနှင့်အတူ နစက တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် သံတမန်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝဏ္ဏဟန်တို့တက်ရောက်ကြပြီး အိန္ဒိယသံအမတ်ကြီးနှင့် အိန္ဒိယနိုင်ငံသံအမတ်ကြီးနှင့်အတူ ဒုတိယ သံရုံးအကြီးအကဲ သံမှူးကြီး Ms. Nabanita Chakrabarti နှင့် စစ်သံမှူး Colonel Ketan Arun Mohite တို့ တက်ရောက်ခဲ့ကြပါတယ်။
အဲဒီနောက် နှစ်နိုင်ငံသံတမန်ဆက်ဆံမှုတွင် ကောင်းမွန်သည့် သမိုင်းကြောင်းရှိခဲ့ သည့်အခြေအနေများနှင့် ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ် များ၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များ၊ ကုန်သွယ်မှုတိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံကဏ္ဍပေါင်းစုံတွင် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများနှင့် မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ် ပြောင်းလဲမှု အခြေအနေများကို ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြတယ်လို့ နစက,က သတင်းထုတ်ပြန်ပါတယ်။
သံအမတ်ကြီး မစ္စတာဗီးကူးမားကို ၁၉၆၉ ခုနှစ်၊ သြဂုတ်လ ၂၃ ရက်တွင် မွေးဖွားခဲ့ပြီး၊ အိန္ဒိယ နည်းပညာ တက္ကသိုလ်မှ နည်းပညာ(ဂုဏ်ထူး) ဘွဲ့ကိုရရှိခဲ့ပါတယ်။ ၁၉၉၂ ခုနှစ်တွင် အိန္ဒိယ ပြည်ပရေးရာ - ဝန်ကြီးဌာနသို့ စတင်ဝင်ရောက်တာဝန်ထမ်းဆောင်ခဲ့ပြီး၊ ဥဇဘတ် ကစ္စတန်နိုင်ငံ၊ ကာဂျစ်စတန်နိုင်ငံ၊ ကနေဒါနိုင်ငံ၊ ပိုလန်နိုင်ငံ၊ အီရန်နိုင်ငံ၊ အမေရိကန်ပြည်ထောင်စု၊ နီပေါနိုင်ငံနှင့် အာဖဂန် နစ္စတန်နိုင်ငံတို့ရှိ အိန္ဒိယသံရုံးနှင့် အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ ရုံးများတွင် အသီးသီးတာဝန်ထမ်းဆောင်ခဲ့ပါတယ်။ အိန္ဒိယပြည်ပ ရေးရာဝန်ကြီးဌာနတွင် ၂၀၁၃ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ အရှေ့နှင့်တောင်အာရှဌာနတွင် တွဲဖက်အတွင်းဝန်အဖြစ် လည်းကောင်း၊ ၂၀၁၇ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ တောင်နှင့် နာလန္ဒာရှေးဟောင်း ယဉ်ကျေးမှုနယ်မြေဆိုင်ရာဌာနခွဲတွင် တွဲဖက် အတွင်းဝန်အဖြစ် လည်းကောင်း၊ ၂၀၂၀ ပြည့်နှစ်မှ သံအမတ်အဖြစ်မခန့်အပ်ခင်အထိ အိန္ဒိယပြည်ပရေးရာ ဝန်ကြီးဌာနတွင် လက်ထောက်အတွင်းဝန်အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ပြီး သူဟာ အိမ်ထောင်ရှင် တစ်ဦး ဖြစ်တယ်လို့ သိရှိရပါတယ်။




#LocalNews
Published - 6 April 2022
ချေးငွေလုပ်ငန်းဆိုပြီး အွန်လိုင်းလိမ်လည်မှုတွေရှိနေပြီး ချေးငွေလျှောက်ထားသူအများစုလိမ်လည်ခံနေရတယ်လို့ သိရပါတယ်။
ချေးငွေလုပ်ငန်းလုပ်ကိုင်သည်ဟု ဆိုသူများက ချေးငွေလျှောက်ထားသူများကို ယုံကြည်အောင်
ပြောဆိုပြီး စုကြေးငွေကြိုသွင်းစနစ်ဟုဆိုကာ ငွေကျပ် ၇၅,၀၀၀ ကျပ်ကို Wave Money မှတစ်ဆင့် ချေးငွေမထုတ်ခင် အရင်ကြိုတင်လွဲခိုင်းပြီး နောက်ငွေလွဲရောက်ပါက ငွေချေးယူသူများ၏ အ ကောင့်များကို ဘလော့ကာ လိမ်လည်သွားခြင်းဖြစ်တယ်လို့ သိရပါတယ်။

"မိဘအတွက် ကြိုးပမ်းပေးရင်းနဲ့ အလိမ်ခံလိုက်ရပါတယ်။ ပိုက်ဆံတွေတော့ကုန်သွားပြီ ချေးငွေလျှောက်ရင်း အလိမ်ခံရတာပါ။ လိမ်တဲ့သူတွေက Mountain Finance Loan Service နာမည်နဲ့ Page ပါ ငွေကျပ် ၇၅့၀၀၀ ပါသွားပါတယ်။"လို့ ငွေ ကြေးအလိမ်ခံလိုက်ရသူ တစ်ဦးက YMG ကို အခုလိုပြောပြခဲ့ပါတယ်။
ယခုကာလတွင် အွန်လိုင်းငွေချေးလုပ်ငန်းဆိုကာ ဖေ့ဘုတ်တွင် ပေ့စ်များစွာဖြင့် လိမ်လည်မှုတွေရှိ
နေတာဖြစ်ပြီး ချေးငွေလျှောက်ထားသူများကို မက်လုံးပေးအယုံသွင်းကာ ငွေကြေးများကိုလိမ်လည်နေခြင်းဖြစ်တယ်လို့ သိရပါတယ်။
"သူတို့က သိန်း ၃၀ အတွက် ၇၅,၀၀၀ ကျပ် အရင်သွင်းရမယ်ဆိုပြီး ပြောတာပါ။ ကျွန်မလည်း မိဘအတွက် ထူပူနေတော့ ပေးလိုက်မိတယ်။ ပြီးတော့မှ အလိမ်ခံရမှန်းသိတယ်။ သူတို့က ချေးငွေထုတ်ယူစဥ်ကာလမှာ စီပွားရေး၊ကျန်းမာရေး၊ နိုင်ငံရေးအခြေနေတွေကြောင့် လစဥ်အတိုးပေးသွင်းရမည့် နေ့ရက်ထက်ကျော်လွန်ခဲ့လျှင် ရက်ကျော်ဒဏ်ကြေးငွေပေးဆောင်ရတယ် အဲ့အတွက်ကြောင့် ချေးငွေယူမယ့်သူတွေအနေနဲ့ ရက်ကျော်ဒဏ်ကြေးကိုတောင်းဖို့ မအားလပ်တဲ့ အခါတွေမှာ ကြိုပေးထားတဲ့ငွေထဲက သူတို့ကနှုတ်မယ်ပေါ့နော်။ ချေးငွေသက်တမ်းကုန်မှ သူတို့က အဲ့ကြိုတင်ငွေကို ပြန်ပေးမယ်ဆိုပြီးတော့ လိမ်တာပါ။"လို့ ၄င်းက ဆက်လက်ပြောပြခဲ့ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက အွန်လိုင်းအာမခံ ငွေချေးလုပ်ငန်းဟုဆိုကာ မြန်မာနိုင်ငံရဲ့ ထင်ရှားတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးရဲ့ပုံဖြင့် အွန်လိုင်းဖေ့ဘုတ်ပေ့စ်ဖွင့်ပြီး လိမ်လည်မှုတွေရှိခဲ့သည့် အတွက် အဆိုပါစီးပွားရေးလုပ်ငန်းရှင်က ၄င်း၏ ပေ့စ်မဟုတ်ကြောင်းနဲ့ အဆိုပါလုပ်ငန်းအား လုပ်ကိုင်ခြင်းမရှိကြောင်း ပြန်လည်ရှင်းလင်းခဲ့ရမှုတွေလည်း ရှိခဲ့တာပါ။

"လူတွေက အမျိုးမျိုးလိမ်နေကြတာပေါ့။ ပြောရရင် နည်းလမ်းပေါင်းစုံနဲ့ လိမ်နေကြတာ အခုက အွန်လိုင်းခေတ်ဆိုတော့ပိုဆိုးပါတယ်။ သူတိုရဲ့ပစ်မှတ်က မသိနားမလည်တဲ့သူတွေ ဗဟုသုတမကြွယ်တဲ့သူတွေကို အဓိကပစ်မှတ်ထားပြီးတော့ လိမ်ကြပါတယ်။ ဒီနေ့ခေတ်မှာကျတော့ အွန်လိုင်းလိမ်လည်မှုတွေက ပိုများတာပေါ့။ တော်တော်များများ တွေ့ရတယ်။ ဒါတွေကို သတိပြု ဆင်ခြင်နိုင်ရင်တော့ အကောင်းဆုံးပါ။ ငွေကြေးကိစ္စမှ မဟုတ်ပါဘူး၊ အခြားလိမ်လည်မှုတွေလည်း အွန်လိုင်းမှာ အများအပြားရှိနေတာကို တွေ့ရပါတယ်။" လို့ အိုင်တီပညာရှင်တစ်ဦးက အွန်လိုင်းလိမ်လည်မှုတွေနဲ့ ပတ်သက်ပြီး ၄င်း၏အမြင်ကို ယခုလိုပြောပြခဲ့ပါတယ်။
ငွေချေးလုပ်ငန်းဟုဆိုကာ Mountain Finance Loan Service အမည်ဖြင့် လိမ်လည်နေ
သည့် FaceBook (Page)
ymg/kg
#Yangon_Media_Group
#LocalNews
Published_6 April 2022
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ(YCDC)တွင် လာမည့် ဧပြီလ ၈ ရက်ထိ ပုဂ္ဂလိက မဏ္ဍပ်ဆောက်လုပ်လိုသူများ လာရောက်လျှောက်ထားနိုင်ကြောင်း သိရသည်။
"ကျွန်တော်တို့အနေနဲ့ ဧပြီလ ၄ ရက်ကနေ ၈ ရက်နေ့ထိကို မဏ္ဍပ်တွေလာရောက်လျှောက်ထားနိုင်တယ်လို့ ထုတ်ပြန်ပြီးပါပြီ။ခုထိတော့ လာလျှောက်တာ မရှိသေးဘူး"ဟု YCDC ၏ အရာထမ်းတစ်ဦးကပြောသည်။
မြို့တော်ခန်းမရှေ့က မဟာသင်္ကြန်မဏ္ဍပ်တွင် ဧပြီလ ၁၃ ရက်မှ ၁၆ ရက်ထိ သင်္ကြန်ယိမ်းအကအလှဖျော်ဖြေမှုများကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဝင်များနှင့် ချိတ်ဆက်လုပ်ဆောင်နေပြီး ပြိုင်ပွဲဝင်မည့်အဖွဲ့များလည်း ပါဝင်မည်ဖြစ်ကြောင်းသိရသည်။
မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကာလအတွင်းတွင် ရန်ကုန်မြို့တော်ခန်းမရှေ့ သင်္ကြန်မဏ္ဍပ်အနီးရှိ မဟာဗန္ဓုလလမ်းကို ဆူးလေးဘုရားလမ်းမှ ပန်းဆိုးတန်းလမ်းအထိ၊ဆူးလေးဘုရားလမ်းကို အနော်ရထာလမ်းမှ ကုန်သည်လမ်းထိ နံနက် ၇ နာရီမှ ညနေ ၆ နာရီထိ ခေတ္တပိတ်ထားမည် ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။
ယခုအခါ မဟာသင်္ကြန်ပွဲတော်ကာလအတွင်း လျှပ်စစ်မီးပေးချိန်ကို ထပ်တိုးပေးနိုင်ရန်လည်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း-YESC က စီစဉ်လျက် ရှိသည်။
ymg/mt
#Yangon_Media_Group
#Local_News
Published_ 6 April 2022
၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများအတွက် ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွယ် တက္ကသိုလ်များသို့ တက်ခွင့်ရစာရင်း မကြာမီထုတ်ပြန်သွားမှာ ဖြစ်ကြောင်း နေပြည်တော်မှာ ဧပြီ ၅ရက်က ပြုလုပ်တဲ့ ဘွဲ့လွန်ဆေးပညာ သင်ကြားရေးအဖွဲ့ အစည်းအဝေးမှ သိရပါတယ်။
ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွယ်တက္ကသိုလ်များတွင် ၂၀၂၂ ပညာသင်နှစ် ဘွဲ့လွန်ဆေးပညာ သင်တန်းများဖွင့်လှစ်ရန် ဘွဲ့လွန်ဆေးပညာ သင်ကြားရေးအဖွဲ့ အစည်းအဝေး (၁/၂၀၂၂) ကို ယနေ့နံနက် ၁၀ နာရီတွင် ကျင်းပခဲ့တာဖြစ်ပါတယ်။
ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ဆေးတက္ကသိုလ်များနှင့် ဆေးပညာ နှီးနွယ် တက္ကသိုလ်များတွင် ဖွင့်လှစ်ရန် ကျန်ရှိနေသော ဘွဲ့ကြိုသင်တန်းများ အားလုံးကို ၂၀၂၂ ခုနှစ် ဧပြီနှင့် မေလတို့တွင် ဖွင့်လှစ်မှာ ဖြစ်ပါတယ်။
ယခုနှစ် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုအောင်မြင်သူများအတွက် ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွယ် တက္ကသိုလ်များသို့ ဝင်ခွင့်ရွေးချယ်ရာတွင် ဆရာဝန်စိတ်ဓာတ်အပြည့်အဝရှိပြီး စေတနာ၊ ဝါသနာနှင့် ပြည့်စုံသည့် ဆေးပညာရှင်နှင့် သွားဘက်ဆိုင်ရာ ဆေးပညာရှင်များကို မွေးထုတ်နိုင်ရန်ရည်ရွယ်၍ (၆) ဘာသာပေါင်း ရမှတ်အပေါ် အခြေခံပြီး (၃) ဘာသာရမှတ်ပေါင်းဖြင့် စိစစ်ရွေးချယ်ပြီး ဝင်ခွင့်စာမေးပွဲဖြေဆိုရွေးချယ်သောစနစ်ဖြင့် ဆောင်ရွက်သွားမှာပါ။
ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာနအောက်ရှိ ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွယ်တက္ကသိုလ်များတွင် ဘွဲ့လွန်သင်တန်းများကို ၁၉၆၄ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်အထိ ဖွင့်လှစ်ပို့ချခဲ့သော ဘွဲ့လွန်သင်တန်းများမှ ဒီပလိုမာဘွဲ့ရရှိသူပေါင်း (၃၇၂၇) ဦး၊ ဆေးပညာမဟာသိပ္ပံဘွဲ့ ရရှိသူပေါင်း (၁၀၉၃၆) ဦး၊ ပါရဂူဘွဲ့ရရှိသူပေါင်း (၁၅၀၆) ဦး မွေးထုတ်ပေးနိုင်ခဲ့ပါတယ်။
ymg-mnn
#Yangon_Media_Group
#LocalNews
Published 5 Apr
၂၀၂၂ က ဇန်နဝါရီလ ၁ ရက်နေ့မှ မတ်လ ၃၁ ရက်အထိ ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်သူ မြန်မာနိုင်ငံသား ၁၁,၀၀၀ ကျော်ဖမ်းဆီးခံခဲ့ရတယ်လို့ ထိုင်းနိုင်ငံအခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ(JACBA)က သိရပါတယ်။
#Yangon_Media_Group
#LocalNews
Published_5 April 2022
ဂလိုဘယ်ဓမ္မဖောင်ဒေးရှင်းတက္ကသိုလ် (Global Dhamma Foundation University) က ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွင် အခမဲ့ Diploma in Buddhist English တစ်နှစ်သင်တန်းနဲ့ B.A in Buddhist English သုံးနှစ်သင်တန်းတွေကို ခေါ်ယူနေပါပြီ။
#Yangon_Media_Group
#LocalNews
Published - 5 April 2022
ပုဂံဒေသသို့ ခရီးသွားများ ဝင်ရောက်လာသည့်အတွက် ဒေသခရီးသွားလုပ်ငန်းများကိုလည်း ပြန်လည်စတင်လည်ပတ်နေကြပြီဖြစ်တယ်လို့ ပုဂံဒေသရှိ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရပါတယ်။
"အရင်နှစ်တွေကနဲ့ မတူပါဘူး။ အရင်( ၂) နှစ်လောက်က ဒီလုပ်ငန်းတွေက ရပ်နားထားရတာ ပေါ့။အခုနှစ်ရယ် ပြီးခဲ့တဲ့နှစ်ကစပြီး ဒေသလုပ်ငန်းတွေ ပြန်လည်ပတ်လို့ရခဲ့ပါတယ်။
ဒေသခံတွေအတွက်လည်း အဆင်ပြေသွားတာ ပေါ့။ အလုပ်အကိုင် အခွင့်အလမ်းတွေ ပြန်ပြီးတော့ ဖွံ့ဖြိုးလာတယ်။ အရင်ကဆို ခရီးသွားတွေမရှိတဲ့အတွက် ဒေသလုပ်ငန်းတွေမိရိုးဖလာလုပ်ငန်းတွေကို (၂)နှစ်လုံးလုံး ရပ်ထားရတာပေါ့။
ဘာပဲပြောပြော အဲ့တုန်းကဆိုရင် မြို့ခံတွေက အဆင်မပြေဘူး။ တစ်ယောက်နဲ့ တစ်ယောက် ဈေးရောင်းကြ ပြန်ဝယ်ကြနဲ့ပဲ နေလာရတာ အခုက ခရီးသွားလုပ်ငန်းတွေကို ပြန်လုပ်လို့ရပြီဆိုတော့ ဘယ်လိုပြောမလဲ ပိုက်ဆံလေးလည်း ရွှင်ရွှင်ပြပြရှိလာတာပေါ့ ။"လို့ ပုဂံဒေသရှိ ခရီးသွားလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက အခုလို ပြောပြခဲ့ပါတယ်။
လက်ရှိကာလမှာ ပုဂံဒေသသို့ ပြည်တွင်းခရီးသွားဝင်ရောက်မှုတွေ များပြားနေတာဖြစ်ပြီး ၁၀၀ မှာ ၇၀ ရာခိုင်နှုန်းခန့်အထိ ပုဂံဒေသသို့ ခရီးသွားတွေ ပြန်လည်ဝင်ရောက်လာခဲ့ကြတာဖြစ်ပါတယ်။
ဒါ့အပြင် ခရီးသွားများအတွက် ပုဂံဒေသရှိ ဘုရားစေတီပုထိုးများကို ပုံမှန်တိုင်းဖွင့်လှစ်ပေးထားပြီး ဘုရားဖူးများတည်းခိုနားနေနိုင်ရန်အတွက် ဟိုတယ်၊ မိုတယ်များကိုလည်း ပုံမှန်အတိုင်းဖွင့်လှစ်ပေးထားတာဖြစ်ပါတယ်။
"ခရီးသွားတွေက ပြန်ဝင်လာတယ်။ မနှစ် နှစ်ကုန်ပိုင်းလောက်ကစပြီးတော့ ပြန်ဝင်လာကြတာပေါ့။ ၁၀၀ မှာ ၅၀ တောင်မဟုတ်ဘူး။ ၇၀ ၊ ၈၀ လောက်ကို ပြန်ဝင်လာကြပါတယ်။"လို့ ၎င်းက ဆက်လက်ပြောပြခဲ့ပါတယ်။
ထို့အပြင် ယခုသင်္ကြန်ရုံးပိတ်ရက်ကာလများမှာလည်း ပုဂံဒေသသို့ ခရီးသွားဧည့်သည်တွေ ဝင်ရောက်မှုများပြားနိုင်မယ်လို့ ခရီးသွားလုပ်ငန်းလုပ်ကိုင်သူတွေက ခန့်မှန်းထားကြတာပါ။
ကိုဗစ် ၁၉ ရောဂါ ဖြစ်ပွားမှုတွေလျော့ကျလာခဲ့တဲ့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ နှစ်ကုန်ပိုင်းမှစလို့ ကမ်းခြေဒေသနှင့် ပုဂံဒေသသို့ ပြည်တွင်းခရီးသွားတွေကို ပြန်လည်ဝင်ရောက်ခွင့်ပြုခဲ့တာလည်း ဖြစ်ပါတယ်။
ymg/kg
#Yangon_Media_Group
Page 2128 of 2245