ဆူရက်ရှ် ကူးမား Suresh Kumarရေးသည်

အိန္ဒိယနိုင်ငံသည် ၂၀၂၈–၂၉ ခုနှစ် သက်တမ်း အတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ အမြဲတမ်းမဟုတ်သော (အလှည့်ကျ) အဖွဲ့ဝင်အဖြစ် ရွေးကောက်တင်မြှောက်ခံရရေး မဲဆွယ်စည်းရုံးမှုကို စတင်လုပ်ဆောင်နေပြီ ဖြစ်သည်။ ပြည်ပရေးရာဝန်ကြီး Subrahmanyam Jaishankar သည် ဇူလိုင်လ ၁၃ ရက်နေ့တွင် နယူးယောက်မြို့၌ အဆိုပါ မဲဆွယ်စည်းရုံးမှုကို တရားဝင် စတင်ဖွင့်လှစ်ခဲ့သည်။

ဤသို့ ရွေးကောက်ခံရန် ကြိုးပမ်းမှုသည် အိန္ဒိယနိုင်ငံအား လုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင် အဖြစ် ထည့်သွင်းသင့်သည်ဟူသော သိကျွမ်းပြီးသား အကြောင်းပြချက်ကို သေချာပေါက် ပြန်လည် သက်ဝင်လာစေမည် ဖြစ်သည်။ အိန္ဒိယသည် လုံခြုံရေးကောင်စီတွင် (၂၀၂၁–၂၂ သက်တမ်း အပါအဝင်) အဖွဲ့ဝင်အဖြစ် ၈ ကြိမ်တိုင်တိုင် တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။ ၁၉၅၀ ပြည့်လွန်နှစ်များမှစ၍ မစ်ရှင်ပေါင်း ၅၀ ကျော်သို့ ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့ဝင် ၂၉၀,၀၀၀ ကျော် စေလွှတ်ခဲ့သည်ဟု တရားဝင် စာရင်းများအရ သိရပြီး၊ ကုလသမဂ္ဂ၏ ငြိမ်းချမ်းရေးထိန်းသိမ်းမှုလုပ်ငန်းများတွင် အဓိက  ပါဝင်ကူညီနေသည့် နိုင်ငံအဖြစ် ဆက်လက်တည်ရှိနေသည်။

အိန္ဒိယ၏ ပထဝီဝင်အနေအထားအရ ၎င်းကို ဖယ်ထုတ်ထားခြင်းမှာ ကာကွယ်ပြောဆိုရန် ပို၍ပင် ခက်ခဲစေသည်။ အိန္ဒိယသည် တောင်အာရှ၊ အိန္ဒိယသမုဒ္ဒရာနှင့် အင်ဒို-ပစိဖိတ်ဒေသတို့၏ ဗဟိုချက်တွင် တည်ရှိသည်။ ရေကြောင်းလုံခြုံရေး၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ စွမ်းအင်လမ်းကြောင်းများ၊ သဘာဝ ဘေးအန္တရာယ် တုံ့ပြန်ရေး၊ ဒေသတွင်း တည်ငြိမ်ရေးနှင့် အာရှ၏ ဗျူဟာမြောက် အင်အားချိန်ခွင်လျှာညှိမှုတို့တွင် အဓိကအခန်းကဏ္ဍမှ ပါဝင်နေသည်။ ထိုကဲ့သို့သော နိုင်ငံမျိုးကို ဖယ် ထုတ်ထားခြင်း  သည် လုံခြုံရေးကောင်စီကို ပိုမိုတည်ငြိမ်စေမည် မဟုတ်ပေ။

အိန္ဒိယ၏ "မဟာဗျူဟာမြောက် လွတ်လပ်စွာ ရပ်တည်မှု" (Strategic Autonomy) ကိုလည်း အားနည်းချက်တစ်ခုအဖြစ် မရှုမြင်ဘဲ အားသာချက်တစ်ခုအဖြစ် မြင်သင့်သည်။ ပြိုကွဲနေသော လက်ရှိန ိုင်ငံတကာအစီအစဉ်များကြားတွင် အုပ်စုကွဲပြားမှုများကို ကျော်လွန်၍ ဆွေးနွေးပြောဆိုနိုင်စွမ်းသည် ပိုမိုတန်ဖိုးရှိလာသည်။ အိန္ဒိယသည် အနောက်အုပ်စု၊ ရုရှား၊ အာဖရိက၊ အနောက်အာရှ၊ အာဆီယံ၊ အင်ဒို-ပစိဖိတ်နှင့် ကျယ်ပြန့်သော Global South နိုင်ငံများနှင့် မည်သည့်အုပ်စု၏ နောက်လိုက်မှ မဖြစ်ဘဲ လွတ်လပ်စွာ ဆက်ဆံဆွေးနွေးနိုင်သည်။

ဘလော့ဂ်နိုင်ငံရေး (Bloc politics) နှင့် ဗျူဟာမြောက် မယုံကြည်မှုများ ပြန်လည်မြင့်တက်နေသည့် လက်ရှိအချိန်တွင်၊ လုံခြုံရေးကောင်စီအနေဖြင့် အင်အား (Power) သာမက အမြော်အမြင်နှင့် ရှုထောင့် (Perspective) ကိုပါ ယူဆောင်လာနိုင်သည့် နိုင်ငံများ၊ စွမ်းဆောင်ရည် သာမက ယုံကြည်စိတ်ချရမှု ကိုပါ ပေးစွမ်းနိုင်သည့် နိုင်ငံများကို လိုအပ်လျက်ရှိသည်။

အိန္ဒိယသည် အဓိက လုံခြုံရေးဆိုင်ရာ အင်အားကြီးနိုင်ငံတစ်ခုလည်း ဖြစ်သည်။ စတော့ဟုမ်း နိုင်ငံတကာ ငြိမ်းချမ်းရေး သုတေသနအင်စတီကျု SIPRI ၏ မှတ်တမ်းများ  အရ အိန္ဒိယသည် ၂၀၂၅ ခုနှစ်တွင် စစ်ရေး အသုံးစရိတ် အမေရိကန်ဒေါ်လာ ၉၂.၁ ဘီလီယံဖြင့် ကမ္ဘာ့ပဉ္စမမြောက် စစ်ရေးအသုံးစရိတ် အများဆုံး  နိုင်ငံ ဖြစ်သည်။ သို့သော် အိန္ဒိယ၏ မဟာဗျူဟာရပ်တည်ချက်သည် ကျူးကျော်စွန့်စားခြင်းထက် ထိန်း  သိမ်းစောင့်ဆည်းခြင်း (Restraint) ကိုသာ အဓိကအခြေခံသည်။ အိန္ဒိယ၏ တရားဝင် နျူကလီး  ယားရပ်တည်ချက်တွင် ယုံကြည်လက်ခံနိုင်လောက်သည့် အနိမ့်ဆုံး ဟန့်တားနိုင်စွမ်း (Credible Minimum Deterrence) နှင့် "ပထမဦးစွာ စတင်အသုံးမပြုရေး" (No First Use) မူဝါဒတို့ ပါဝင်သည်။

ဤသို့ စွမ်းဆောင်ရည်နှင့် ထိန်းသိမ်းစောင့်ဆည်းမှုတို့ ပေါင်းစပ်နေခြင်းက အိန္ဒိယ၏ တောင်းဆိုမှုကို ပိုမိုခိုင်မာစေသည်။ အဘယ်ကြောင့်ဆိုသော် လုံခြုံရေးကောင်စီသည် သာမန် စစ်ရေးအင်အား  သက်သက်  ကို မဟုတ်ဘဲ တာဝန်သိသော အင်အားကို လိုအပ်သောကြောင့် ဖြစ်သည်။

သို့သော် အိန္ဒိယ၏ မဲဆွယ်စည်းရုံးမှုသည် နက်ရှိုင်းသော အဖွဲ့အစည်းဆိုင်ရာ ပြဿနာတစ်ခုကိုလည်း ဖော်ပြနေသည်။ အလှည့်ကျအဖွဲ့ဝင်အဖြစ် အောင်မြင်စွာ ရွေးချယ်ခံရတိုင်း အိန္ဒိယ၏ အမြဲတမ်း အဖွဲ့ဝင်ဖြစ်သင့်ကြောင်း အကြောင်းပြချက်ကို ပိုမိုခိုင်မာစေသည်။ ထိုအောင်မြင်မှုကပင် လုံခြုံရေး  ကောင်စီအား အိန္ဒိယ၏ ပါဝင်ကူညီမှု အကျိုးကျေးဇူးများကို ရရှိစေပြီး၊ အိန္ဒိယ လိုလားသော ပြုပြင်  ပြောင်းလဲရေးကိုမူ ဆက်လက် ရွှေ့ဆိုင်းခွင့် ရရှိစေသည်။ ၎င်းသည် ၂၀၂၈–၂၉ မဲဆွယ်စည်းရုံးမှု၏ အဓိက ရှေ့နောက်မညီသဘာဝ (Paradox) ပင် ဖြစ်သည်။

ကုလသမဂ္ဂ ပဋိညာဉ်စာချုပ်သည် နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် ပါဝင်ကူညီမှုနှင့် တရား မျှတသော ပထဝီဝင်အနေအထားအရ ဖြန့်ကျက်မှုတို့ကို လုံခြုံရေးကောင်စီ အလှည့်ကျအဖွဲ့ဝင် ရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားရမည့် အချက်များအဖြစ် အသိအမှတ်ပြုထားသည်။ ထို့ကြောင့် အလှည့်ကျအဖွဲ့ဝင်နေရာသည် အိန္ဒိယအတွက် တာဝန်ယူမှုရှိခြင်း၊ သံတမန်ရေးရာ ဖြန့်ကျက်နိုင်စွမ်းနှင့် လက်တွေ့ပိုင်းဆိုင်ရာ ပါဝင်ကူညီမှုတို့ကို သက်သေပြရန် အခွင့်အလမ်းများကို အကြိမ်ကြိမ် ဖန်တီး ပေးလျက်ရှိသည်။

သို့ရာတွင် အလှည့်ကျအဖွဲ့ဝင်နေရာသည် မူလသဘာဝအရ ယာယီသာ ဖြစ်သည်။ အမြဲတမ်းမဟုတ်သော အဖွဲ့ဝင်များသည် ၂ နှစ်တာ သက်တမ်းသာ ထမ်းဆောင်ရသည်။ ၎င်းတို့တွင် ဗီတိုအာဏာ (Veto power) မရှိပါ။ ကောင်စီ၏ အမြဲတမ်းတည်ဆောက်ပုံကိုလည်း ပြောင်းလဲနိုင်ခြင်း မရှိပါ။ ၎င်းတို့သည် အခြေခံ  အာဏာအဆင့်ဆင့် တည်ဆောက်ပုံကို မထိခိုက်စေဘဲ အဖွဲ့အစည်း လည်ပတ်နိုင်ရန်သာ ကူညီပေး  ကြသည်။

ထိုအချက်သည် လက်ရှိစနစ်အတွက် အဆင်ပြေသော ချိန်ခွင်လျှာညှိမှုတစ်ခုကို ဖန်တီးပေးသည်။ အိန္ဒိယကို ရွေးကောက်တင်မြှောက်နိုင်သည်။ အိန္ဒိယသည် ကော်မတီများကို ဥက္ကဋ္ဌအဖြစ် ဦးဆောင်ခြင်း၊ ဆွေးနွေးပွဲများကို ပုံဖော်ခြင်း၊ တပ်ဖွဲ့ဝင်များ စေလွှတ်ကူညီခြင်း၊ စာချုပ်စာတမ်းများ ညှိနှိုင်းခြင်းနှင့် Global South ၏ ရှုထောင့်များကို ကောင်စီဆွေးနွေးပွဲများသို့ ယူဆောင်လာခြင်းတို့ လုပ်ဆောင် နိုင်သည်။ ကောင်စီအနေဖြင့် ၁၉၄၅ ခုနှစ်ကတည်းက အမွေဆက်ခံခဲ့သည့် အမြဲတမ်းအာဏာ ခွဲဝေမှုကို မပြောင်းလဲဘဲ အိန္ဒိယ၏ ပါဝင်မှုမှ အကျိုးကျေးဇူးများ ရရှိနေသည်။

ဤသဘောတရားသည် အိန္ဒိယတစ်နိုင်ငံတည်းအတွက်သာ မဟုတ်ပေ။ ဘရာဇီး၊ ဂျာမနီနှင့် ဂျပန်တို့ သည်လည်း ကောင်စီတွင် အကြိမ်ကြိမ် တာဝန်ထမ်းဆောင်ခဲ့ပြီး G4 ပြုပြင်ပြောင်းလဲရေး မဲဆွယ်မှုများ လုပ်ဆောင်နေသော်လည်း အလားတူ ကန့်သတ်ချက်များနှင့် ရင်ဆိုင်နေရသည်။ အာဖရိကတိုက်သည် ဤပြဿနာ၏ အဆိုးရွားဆုံးအခြေအနေကို ရင်ဆိုင်နေရသည်။ အာဖရိကသမဂ္ဂ၏ Ezulwini Consensus က အာဖရိကအတွက် အနည်းဆုံး အမြဲတမ်းအဖွဲ့ဝင်နေရာ (၂) နေရာနှင့် အလှည့်ကျအဖွဲ့ဝင် (၅) နေရာ တောင်းဆိုထားသော်လည်း ယနေ့ထက်တိုင် အာဖရိကတိုက်အတွက် အမြဲတမ်းကိုယ်စားပြုမှု မရှိ သေးပေ။

၂၀၂၄ ခုနှစ် အနာဂတ်အတွက် သဘောတူစာချုပ် (2024 Pact for the Future) တွင် လုံခြုံရေးကောင်စီ ပြုပြင်ပြောင်းလဲရေး လိုအပ်ချက်ကို အသိအမှတ်ပြုခဲ့ပြီး၊ အထူးသဖြင့် အာဖရိက၏ ကိုယ်စားပြုမှု နည်းပါးနေခြင်းကို ဖြေရှင်းရန် အလေးပေးထားကာ ၁၉၆၀ ပြည့်လွန်နှစ်များနောက်ပိုင်း အခိုင်မာဆုံး ကတိကဝတ်အဖြစ် ဖော်ပြခဲ့သည်။ ထိုအသုံးအနှုန်းက တရားဝင်မှုဆိုင်ရာ ပြဿနာ (Legitimacy problem) ကို အတည်ပြုပေးသော်လည်း၊ အဖွဲ့အစည်းဆိုင်ရာ တွန်းအားပေးမှု ပြဿနာကိုမူ မဖြေ ရှင်းနိုင်ပေ။

တရားဝင် ပြုပြင်ပြောင်းလဲရေးမှာ အလွန်ခက်ခဲလျက်ရှိသည်။ အဘယ်ကြောင့်ဆိုသော် ကုလသမဂ္ဂ ပဋိညာဉ်စာချုပ် အပိုဒ် ၁၀၈ အရ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ရန် အထွေထွေညီလာခံ၏ သုံးပုံနှစ်ပုံ ထောက်ခံမဲနှင့် လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်အားလုံး အပါအဝင် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ၏ သုံးပုံနှစ်ပုံက အတည်ပြုလက်မှတ်ရေးထိုးရန် လိုအပ်သောကြောင့် ဖြစ်သည်။

ထို့ကြောင့် အိန္ဒိယ၏ ၂၀၂၈–၂၉ မဲဆွယ်စည်းရုံးမှုကို ပုံမှန် ရွေးကောက်ပွဲတစ်ခုထက် ပိုမိုသော အဓိပ္ပာယ်ဖြင့် ရှုမြင်သင့်သည်။ ၎င်းသည် ယာယီကိုယ်စားပြုမှုများဖြင့် အမြဲတမ်း ပြုပြင်ပြောင်းလဲရေး ဖိအားများကို ဆက်လက် စုပ်ယူထားနိုင်ဦးမည်လား ဆိုသည့် နောက်ထပ် စမ်းသပ်ချက်တစ်ခု ဖြစ်သည်။ အိန္ဒိယ အကြိမ်ကြိမ် ရွေးကောက်ခံရခြင်းသည် ၎င်း၏ အရေးပါမှုကို သက်သေပြနေသည်။ သို့သော် အစောပိုင်းခေတ် ကမ္ဘာ့အစီအစဉ်ကိုသာ ထင်ဟပ်နေဆဲဖြစ်သည့် ကောင်စီ၏ အမြဲတမ်းတည်ဆောက်   ပုံဆိုင်ရာ သွေဖည်မှု (Anomaly) ကိုမူ ဖယ်ရှားပေးနိုင်ခြင်း မရှိပေ။

အိန္ဒိယ အလွယ်တကူ အနိုင်ရရှိခြင်းက ကုလသမဂ္ဂစနစ်အတွင်း အိန္ဒိယ၏ ရပ်တည်မှုကို ထပ်လောင်း  အတည်ပြုလိမ့်မည် ဖြစ်သည်။ သို့သော် အလှည့်ကျအဖွဲ့ဝင်အဖြစ် အောင်မြင်စွာ တာဝန်  ထမ်းဆောင် တိုင်း အိန္ဒိယ၏ အမြဲတမ်းအဖွဲ့ဝင်ဖြစ်ရေး အကြောင်းပြချက်ကို ပိုမိုခိုင်မာစေပြီး၊ တစ်ချိန် တည်းမှာပင် အဆိုပါ  အကြောင်းပြချက်က တောင်းဆိုနေသည့် ဆုံးဖြတ်ချက်ကို အဖွဲ့အစည်းအနေဖြင့် ထပ်မံ ရွှေ့ဆိုင်းရန် နည်းလမ်းတစ်ခု ပေးထားသကဲ့သို့ ဖြစ်နေသည်။ ယင်းကြောင့် အဓိကဆန့်ကျင်ဘက် (ရှေ့နောက်မညီ) သဘာဝကိုလည်း ဆက်လက်  ထိန်းသိမ်းထားရာ ရောက်နေမည်ဖြစ်တော့သည်။

အိန္ဒိယတိုင်းမ် သတင်းစာပါ ဆူရက်ရှ်ကူးမားရေးသားသည့် The UNSC paradox: How India’s 2028–29 campaign exposes UN stagnation‌ ဆောင်းပါးကိုဆီလျော်အောင်ပြန်ဆိုပါသည်။

ဆူရက်ရှ် ကူးမား Suresh Kumarသည် ပန်ဂျပ်ပြည်နယ် ဝန်ကြီးချုပ်၏ အဓိကအတွင်းဝန်ဟောင်း ဖြစ်သည်။