၂၂စက်တင်ဘာ ၂၀၂၅
ပင်တဂွန်စစ်ဌာနချုပ်သည် အသိအမှတ်ပြုထားသည့် သတင်းထောက်များအနေဖြင့် လျှို့ဝှက်အဆင့် မသတ်မှတ်ထားသည့် သတင်းအချက်အလက်များအပါအဝင် သတင်းထုတ်ပြန်ရန်ခွင့်ပြုမပေးထားသည့် သတင်းများ ထုတ်ပြန်ခြင်းရှောင်ကြဉ်ကြမည်ဟူသော ဝန်ခံကတိများလက်မှတ်ရေးထိုးရန် လိုအပ်လာ မည် ဖြစ်သည်။
သမ္မတ ဒေါ်နယ်လ် ထရမ့်အစိုးရက မီဒီယာထိန်းချုပ်မှုများကို ပိုမိုတင်းကျပ်လိုက်သော ၁၇ မျက်နှာပါ မူဝါဒအသစ်တစ်ခုကို သောကြာနေ့က ထုတ်ပြန်ခဲ့ပြီးနောက် ဤမူဝါဒကို မလိုက်နာသည့် သတင်းထောက်များသည် ပင်တဂွန်စစ်ဌာနချုပ်သို့ ဝင်ရောက်ခွင့်ပေးသည့် အသိအမှတ်ပြုကတ်ပြားများ ဆုံးရှုံးနိုင်ချေရှိသည်ဟုလည်း သတိပေးထားသည်။
“လျို့ဝှက်အဆင့်သတ်မှတ်မထားသည့်တိုင် မရှိသည့်တိုင် ထုတ်ပြန်ခွင့်ပြုမည့် သင့်လျော်သော တာဝန်ရှိ သူတစ်ဦးမှ အတည်ပြုပြီးမှသာလျှင် အများပြည်သူသိရှိရန် ထုတ်ပြန်ရမည်” ဟု ညွှန်ကြားချက်တွင် ဖော်ပြထားသည်။ ပင်တဂွန်စစ်ဌာနချုပ်တွင် အသိအမှတ်ပြု သတင်းထောက်များအတွက် လုံခြုံရေး ဆိုင်ရာ လိုအပ်ချက်များစွာကို လက်မှတ်ထိုးခိုင်းသည့်ပုံစံတွင် ထည့်သွင်းထားသည်။
သတင်းလွတ်လပ်ခွင့် ထောက်ခံသူများက ဤကတိဝန်ခံချက်သည် လွတ်လပ်သော သတင်းစာပညာကို တိုက်ခိုက်ခြင်းဖြစ်သည်ဟု ပြစ်တင်ရှုတ်ချခဲ့သည်။ ပင်တဂွန်၏ ကန့်သတ်ချက်အသစ်များသည် ထရမ့်အစိုးရမှ အမေရိကန်မီဒီယာလောကကို ပြန်လည်ပြင်ဆင်နေပြီး ခြိမ်းခြောက်မှုများ၊ တရား စွဲဆိုမှုများနှင့် အစိုးရဖိအားပေးမှုများကို တိုးချဲ့ပြုလုပ်လာချိန်တွင် ထွက်ပေါ်လာခြင်းဖြစ်သည်။
“ကျွန်တော်တို့ရဲ့ စစ်တပ်အကြောင်း သတင်းကို အစိုးရက အရင်အတည်ပြုရမယ်ဆိုရင် ပြည်သူတွေဟာ လွတ်လပ်တဲ့ သတင်းအချက်အလက်တွေ ရတော့မှာ မဟုတ်ပါဘူး။ အရာရှိတွေက ပြည်သူကို ပြသချင်တာတွေကိုသာ ရရှိတော့မှာဖြစ်ပါတယ်။ အဲဒါဟာ အမေရိကန်တွေအားလုံးအတွက် သတိထားစရာဖြစ်ပါတယ်” ဟု အမျိုးသား သတင်းစာဆရာကလပ်(National Press Club ဥက္ကဋ္ဌဖြစ်သူ မိုက် ဘဲလ်ဆာမို (Mike Balsamo) က ပြောသည်။ ၎င်းသည် The Associated Press ၏ အမျိုးသား ဥပဒေရေးရာ အယ်ဒီတာလည်း ဖြစ်သည်။
ဟက်ဆက် (Hegseth) က ပင်တဂွန်“စင်္ကြံလမ်းများပေါ် လှည့်လည်သွားလာခွင့်” မရှိတော့ဟုပြော
Fox News Channel ၏ ပင်တိုင်တင်ဆက်သူဟောင်းဖြစ်သည့် ကာကွယ်ရေးဝန်ကြီး ပီတီ ဟက်ဆက် (Pete Hegseth) သည် ၎င်း၏ X လူမှုကွန်ရက်ပေါ်တွင် ကန့်သတ်ချက်များကို မီးမောင်းထိုးပြခဲ့သည်။
“‘စာနယ်ဇင်း’ က ပင်တဂွန်ကို စီမံခန့်ခွဲတာမဟုတ်ပါဘူး၊ ပြည်သူတွေကသာ စီမံတာပါ။ လုံခြုံရေး တင်းကျပ်တဲ့ နေရာရဲ့ စင်္ကြံလမ်းတွေပေါ်မှာ သတင်းစာသမားတွေကို လှည့်လည် သွားလာ ခွင့်ပေးတော့မှာ မဟုတ်ပါဘူး” ဟက်ဆက်က ပြောသည်။ “တံဆိပ်ပြား (Badge) ဝတ်ပြီး စည်းကမ်းတွေကို လိုက်နာပါ၊ မဟုတ်ရင် ပြန်ပါ။”
ယခုနှစ်တွင် ပင်တဂွန်သည် သတင်းဌာနများစွာကို နှင်ထုတ်ခဲ့ပြီး ကန့်သတ်ချက်များ ချမှတ်ခဲ့သည်။ ၎င်းတို့အထဲတွင် ကမ္ဘာ့အင်အားအကြီးဆုံး စစ်တပ်၏ လှုပ်ရှားမှုများကို သတင်းယူရာ၌ ယခင်အစိုးရလက်ထက်များက သတင်းထောက်များ ဝင်ခွင့်ရခဲ့ဖူးသည့် ပင်တဂွန်ဧရိယာ ကျယ်ကြီး အတွင်းသို့ အစိုးရအစောင့်အရှောက်မပါဘဲ ဝင်ရောက်ခြင်းကို တားမြစ်ထားခြင်းလည်း ပါဝင်သည်။
ဟက်ဆက်၏ လက်ထက်အစောပိုင်းတွင် ကာကွယ်ရေးဝန်ကြီးက ယီမင်တွင် လာမည့်စစ်ရေးတိုက်ခိုက်မှု များအတွက် စီမံကိန်းများကို ဆွေးနွေးနေသည့် Signal မက်ဆေ့ဂျ်ပေးပို့ရေးအက်ပလီကေးရှင်းရှိ အဖွဲ့လိုက် စကားဝိုင်းတစ်ခုတွင် တွင် The Atlantic မဂ္ဂဇင်း၏ အယ်ဒီတာချုပ်ဖြစ်သူ ဂျက်ဖရီ ဂိုဘတ် (Jeffrey Goldberg) သည် အမှတ်မထင်ပါဝင်သွားသဖြင့် ပင်တဂွန် အရှက်ရခဲ့သည်။ ဂိုဘတ် (Goldberg) ကို ထည့်သွင်းခဲ့ခြင်းအပေါ် ထရမ့်၏ အမျိုးသားလုံခြုံရေးအကြံပေးဟောင်းဖြစ်သူ မိုက်ဝေါ့ဇ် (Mike Waltz) က တာဝန်ယူခဲ့ပြီး ၎င်းကို အခြားရာထူးတစ်ခုသို့ ပြောင်းရွှေ့ခဲ့ရသည်။
တရုတ်နှင့် စစ်ပွဲဖြစ်ပွားခဲ့ပါက အမေရိကန်စစ်တပ်၏ စီမံကိန်းများအကြောင်း အကျဉ်းချုပ် ရှင်းလင်းပွဲတစ်ခုကို ဘီလျံနာ အီလွန် မတ်စ် (Elon Musk) က ပြုလုပ်ပေးမည်ဟူသည့် သတင်း နယူးယောက်တိုင်းမ်သတင်းစာသို့ ပေါက်ကြားမှုကြောင့်လည်း ကာကွယ်ရေးဌာနသည် အရှက် ရခဲ့သည်။ ထရမ့်၏ အမိန့်အရ အဆိုပါရှင်းလင်းပွဲကို မပြုလုပ်ခဲ့ရဘဲ ထိုသတင်းမည်သို့ပေါက်ကြားခဲ့သည်ကို စုံစမ်းစစ်ဆေးမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဟက်ဆက် (Hegseth) က ပင်တဂွန်တာဝန်ရှိသူနှစ်ဦးကို ရာထူးမှ ဆိုင်းငံ့ခဲ့သည်။
မီဒီယာအဖွဲ့အစည်းများ ပြန်လည်တုံ့ပြန်
စနေနေ့တွင် သတင်းစာပညာရှင်များ အသင်း Society of Professional Journalists (SPJ) ကလည်း ပင်တဂွန်၏ လုပ်ရပ်ကို “သတိပေးအချက်” အဖြစ် ကန့်ကွက်ခဲ့သည်။
“ဤမူဝါဒသည် အခြေခံဥပဒေပထမပြင်ဆင်ချက်အောက်ရှိ စာနယ်ဇင်းလွတ်လပ်ခွင့်ကို အဆိုးရွားဆုံး ချိုးဖောက်ခြင်းဖြစ်သည့် အစိုးရ၏ ဆင်ဆာဖြတ်တောက်ခြင်းသို့ ဦးတည်သည့် အန္တရာယ်ရှိသော ခြေလှမ်း တစ်ခုဖြစ်သည်” ဟု စနေနေ့တွင် ထုတ်ပြန်သော ယင်း၏ကြေညာချက်၌ ပြောကြားခဲ့သည်။ “ပွင့်လင်းမြင်သာမှုနှင့် ဒီမိုကရေစီစံနှုန်းများအပေါ် အစိုးရ၏ ရန်လိုမှုများ တိုးပွားလာနေသည့် အန္တရာယ်ရှိသော ပုံစံ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် “လုံခြုံရေး” ဟူသော အကြောင်းပြချက်အောက်တွင် စာနယ်ဇင်းကို နှုတ်ပိတ်ရန် ကြိုးစားမှုများ ရှိနေသည်” ဟုလည်း သတင်းထုတ်ပြန်ချက်ကဆိုသည်။
The Washington Post ၏ အမှုဆောင်အယ်ဒီတာ မတ်တ် မာရေး (Matt Murray) က စနေနေ့ထုတ် သတင်းစာကော်လံများတွင် မူဝါဒအသစ်သည် အမေရိကန်ပြည်သူများအတွက် ကောင်းကျိုးဖြစ်ထွန်း စေသည့်အရာနှင့် ဆန့်ကျင်နေသည်ဟု ပြောကြားခဲ့သည်။
“ဖွဲ့စည်းပုံအခြေခံဥပဒေသည် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသော၊ ခန့်အပ်ထားသော အစိုးရအရာရှိများ၏ လုပ်ဆောင်မှုများကို သတင်းပေးပို့ပိုင်ခွင့် အကာကွယ်ပေးထားသည်” ဟု မာရေး (Murray) က ပြောသည်။ “အစိုးရ၏ သတင်းစီးဆင်းမှုကို ထိန်းချုပ်ရန်နှင့် သတင်းရယူခွင့်ကို တားမြစ်ရန် ကြိုးပမ်းမှုမှန်သမျှသည် ပထမပြင်ဆင်ချက်နှင့် ဆန့်ကျင်ပြီး အများပြည်သူအကျိုးစီးပွားနှင့် ဆန့်ကျင် နေသည်” ဟုလည်း ၎င်းက ပြောကြားခဲ့သည်။
Source AP