၂၈ ဇူလိုင်၊၂၀၂၆
ဂျပန်စီးပွားရေး လုပ်ငန်းရှင်များ လာရောက်ရင်းနှီးမြုပ်နှံမှုများကို အစဉ်အမြဲ လက်ကမ်းကြိုဆိုလျက်ရှိ ကြောင်းနှင့်လိုအပ်သည့် ပံ့ပိုးကူညီမှုများကိုလည်း အတတ်နိုင်ဆုံး ဆောင်ရွက်ပေးသွားမည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ဂျပန်စီးပွားရေးလုပ်ငန်းရှင်များကို ပြောကြားသည်။
ရန်ကုန်မြို့ရှိ မြန်မာကွန်ဗင်းရှင်းစင်တာ(ရန်ကုန်)၌ ကျင်းပပြုလုပ်သည့် မြန်မာ-ဂျပန် စီးပွားရေးဖိုရမ်တွင် နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်က မိန့်ခွန်းပြောကြားရာတွင် ယင်းကဲ့သို့ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
ဂျပန်စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးတွင် ယုံကြည် စိတ်ချစွာ ပါဝင်ရင်းနှီးမြှုပ်နှံကြရန်လည်း လှိုက်လှိုက်လှဲလှဲဖိတ်ခေါ်လိုပါကြောင်း နိုင်ငံတော်သမ္မတက ထပ်လောင်းဖိတ်ခေါ်ခဲ့သည်။

မြန်မာအစိုးရအနေဖြင့် ရင်းနှီးမြှုပ်နှံသူများအတွက် ပိုမိုရှင်းလင်းခိုင်မာပြီးပွင့်လင်းမြင်သာသည့် စီးပွားရေးဝန်းကျင်ကောင်းတစ်ခု ဖန်တီးပေးရန်၊ လုပ်ထုံးလုပ်နည်းများကို လွယ်ကူချောမွေ့စေရေး ပြုပြင်ပြောင်းလဲရန်နှင့် သင့်တော်သည့်မူဝါဒဆိုင်ရာ ကူညီပံ့ပိုးမှုများပေးနိုင်ရန် အစဉ်တစိုက် ကြိုးပမ်း ဆောင်ရွက်နေကြောင်းလည်း နိုင်ငံတော်သမ္မတက ဂျပန်ဧည့်သည်များကို အသိပေးပြောကြားခဲ့ သည်။
မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန၊ မြန်မာ-ဂျပန် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်း ဆောင်ရွက်မှု အသင်းနှင့် ဂျပန်နိုင်ငံ Ingo Peace တို့ပူးပေါင်းကျင်းပသည့် အဆိုပါမြန်မာ-ဂျပန် စီးပွားရေးဖိုရမ်သို့ ဂျပန်စီးပွာရေးလုပ်ငန်းရှင် ၉၄ဦးနှင့် မြန်မာလုပ်ငန်းရှင် ၃၀၀ကျော်တက်ရောက်ခဲ့သည်ဟု နိုင်ငံတော် သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူဒေါက်တာ ဒေါ်ခိုင်ခိုင်စိုးကပြောကြားသည်။
ဂျပန်နိုင်ငံသားတစ်ဦးအနေဖြင့် မြန်မာ-ဂျပန် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်အောက်တွင်နှစ်နိုင်ငံ၏ အနာဂတ်ပူးပေါင်းဆောင်ရွက်ရေးအတူတကွ ဆွေးနွေးနိုင်မည့် အခွင့်အလမ်းကို ဖန်တီး ပေးနိုင်သည့်အတွက် အထူးပင်ဝမ်းမြောက်ဝမ်းသာဖြစ်ရကြောင်း ဖိုရမ်ကို ပူးတွဲကျင်းပသည့် ဂျပန်နိုင်ငံIngo Peace ဥက္ကဋ္ဌ Mr.Nakazawa Hiroyuki ကပြောသည်။
မြန်မာနှင့်ဂျပန် နှစ်နိုင်ငံကုန်သွယ်မှုပမာဏမှာ ၂၀၂၃–၂၀၂၄ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၁,၃၃၄ ဒဿမ ၇၉၅ သန်း၊ ၂၀၂၄–၂၀၂၅ ဘဏ္ဍာနှစ်တွင် ၁,၁၉၄ ဒဿမ ၃၉၄ သန်းနှင့် ၂၀၂၅–၂၀၂၆ ဘဏ္ဍာနှစ်တွင် ၁,၃၄၃ ဒဿမ ၆၆၅ သန်းရှိကြောင်းနှင့်မြန်မာနိုင်ငံက ဂျပန်နိုင်ငံသို့ ချုပ်ပြီးအထည်၊ ဖိနပ်၊ ပဲအမျိုးမျိုး၊ ပုလဲနှင့် လျှပ်စစ်ပစ္စည်းများ အဓိကတင်ပို့လျက်ရှိကြောင်းသိရသည်။
ထို့အပြင် ရန်ကုန်မြို့နှင့် အနီးဆုံးနေရာတွင်ရှိသည် အောင်မြင်နေသော သီလဝါအထူးစီးပွားရေးဇုန်၌ ဂျပန်ကုမ္ပဏီ ၅၀ ကျော်ဖြင့် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၉ ဒသမ ၉၂ ရာခိုင်နှုန်းဖြင့် အဓိကအခန်းကဏ္ဍမှ ပါဝင် ဆောင်ရွက်နေကြောင်းသတင်းရရှိသည်။

၁၉၊ဇူလိုင်၊၂၀၂၆ (ရန်ကုန်)
မှော်ဘီမြိုနယ်အတွင်းရှိ ကော်စေ့လုပ်ငန်းတစ်ခုတွင် လျှပ်စစ်ဓါတ်အားခိုးယူသုံးစွဲထားကြောင်း သက်ဆိုင်ရာက စစ်ဆေးတွေ့ရှိသဖြင့် အရေးယူထားကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ယနေ့ ဇူလိုင် ၁၉ရက်နေ့က သတင်းထုတ်ပြန်သည်။
ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့ယ်၊ ဝါးနက်ချောင်းကျေးရွာရှိ မီတာအမည်ပေါက် ဦးစန်းဦး၏ကော်စေ့ လုပ်ငန်းတွင် အသုံးပြုထားသော Transformer နှင့် တွဲဖက်တပ်ဆင်ထားသည့် Digital Meter ၏ Cover Seal ပြုပြင်ထားပြီး လျှပ်စစ်ဓာတ်အား ခိုးယူသုံးစွဲထားကြောင်း စစ်ဆေးတွေ့ရှိ ခဲ့ရသဖြင့် မီတာ အားချက်ချင်းဖြုတ်သိမ်းခဲ့ခြင်းဖြစ်သည်။
အဆိုပါမသမာမှု ဖြစ်စဉ်ကြောင့် လျှပ်စစ်ဓာတ်အားယူနစ် ၄ သိန်း ၄ သောင်းကျော် နစ်နာဆုံးရှုံးခဲ့ရကြောင်းသိရသည်။ ထို့ကြောင့် လျော်ကြေး၊ ဒဏ်ကြေး ငွေကျပ် (၃၀၁,၈၉၃,၅၇၅/-)(ကျပ် သုံးရာ့ တစ်သန်း ရှစ်သိန်း ကိုးသောင်း သုံးထောင် ငါးရာ ခုနစ်ဆယ့် ငါးကျပ် တိတိ) အား ကျူးလွန်ဖောက်ဖျက်သူက ပေးဆောင် စေရမည့် အပြင် လျှပ်စစ်ဥပဒေ အရ (၆)လ ဓာတ်အားပေးခြင်းအား ရပ်ဆိုင်းသွားမည် ဖြစ်ကြောင်းလည်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။
ထို့အပြင် လျော်ကြေး၊ ဒဏ်ကြေး ငွေအား (၁၄)ရက် အတွင်း မသွင်းပါက လျှပ်စစ်ဥပဒေ နှင့်အညီ တရားစွဲ ဆိုဆောင်ရွက်သွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။
လျှပ်စစ်ဓာတ်အားခိုးယူအသုံးပြုမှုများကို Control Center များမှ စောင့်ကြည့် စစ်ဆေးဖော်ထုတ် နိုင်ခြင်းနှင့် ပြည်သူများ၏ပူးပေါင်းဆောင်ရွက်မှုများ ထူးကဲစွာတိုးမြင့်ရရှိ လာသည့်အတွက် ပိုမိုဖော်ထုတ် လာနိုင်ခြင်းတို့သည် နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားစနစ် တိုးတက်ဖွံ့ဖြိုးလာစေရေးအတွက် များစွာ အထောက်အပံ့ဖြစ်စေလျက်ရှိရာ ပြည်သူများ အနေဖြင့် ပိုမို၍ ပူးပေါင်းဆောင်ရွက်ပေးကြပါရန် ဝန်ကြီးဌာနကမေတ္တာရပ်ခံထားသည်။
၁၈ ဇူလိုင်၊၂၀၂၆
နိုင်ငံတော်တွင် နိုင်ငံရေးအရ တည်ငြိမ်မှုရှိသည်ဟုဆိုရာတွင် ပြည်သူလူထု၏ စားရေးအဆင်ပြေရန်၊ စီးပွားရေးအရ ပြေလည်ရန် အဓိကလိုအပ်မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောသည်။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည်ယနေ့ ဇူလိုင်၁၈ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အတွင်းစိုက်ပျိုးမွေးမြူရေးဇုန်များ အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှု အခြေအနေများကိုကြည့်ရှု စစ်ဆေးစဉ် တာဝန်ရှိသူများကို ယင်းကဲ့သို့ မှာကြားခဲ့ခြင်းဖြစ်သည်။
ပြည်သူများ စားရေးအဆင်ပြေမှုရှိစေရေးအတွက် စိုက်ပျိုးမွေးမြူရေးဇုန်များကို ဒေသအလိုက်မဖြစ်မနေ အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ အကျိုးအမြတ်ရရှိရေးသည်အဓိကမဟုတ်ဘဲ ပြည်သူလူထုအနေဖြင့် အသား၊ငါးနှင့် ရာသီသီးနှံများကို သက်သာသောဈေးနှုန်း များဖြင့် လုံလုံလောက်လောက် ဝယ်ယူစားသောက်နိုင် စေရေးအတွက်ကိုသာ အဓိကဆောင်ရွက်ခြင်း ဖြစ်သဖြင့် ယခုထက် ပိုမိုအောင်မြင်အောင် ဆောင်ရွက်သွားကြရန်လည်း နိုင်ငံတော် သမ္မတက မှာကြား သည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်ရုံ၊ အလုပ်ရုံများစွာရှိပြီး လူဦးရေများပြားစွာရှိနေခြင်းကြောင့် . ဝယ်လိုအားနှင့် ရောင်းလိုအား မျှတစေရန်နှင့် အခြေခံစားကုန်များကုန်ဈေးနှုန်းကြီးမြင့်မှုကို ထိန်းသိမ်း နိုင်ရန်ရည်ရွယ်၍ အသား၊ ငါးနှင့် ရာသီသီးနှံများထုတ်လုပ်မှုကို တိုးမြှင့်ဆောင်ရွက်စေ ခြင်းဖြစ်သဖြင့် လုပ်ငန်းဆောင်ရွက်မှုများကို အောင်မြင်အောင်ဆက်လက်အကောင်အထည်ဖော်သွားကြရန်လိုကြောင်း လည်း ကျောက်တန်းမြို့နယ်၊ ရန်ကုန်မြစ်နှင့်မှော်ဝန်းချောင်းကြားနေရာရှိ သီလဝါ ဘက်စုံစိုက်ပျိုး မွေးမြူ ရေးဇုန်တွင် စစ်ဆေးစဉ် သမ္မတဦးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။
နိုင်ငံတော်သမ္မတနှင့်အတူ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌဦးအောင်လင်း ဒွေး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူ များလိုက်ပါခဲ့ကြသည်။
၁၈ ဇူလိုင်၊၂၀၂၆
တစ်နှစ်လျင် တန်ချိန် ၅ သိန်းချက်လုပ်နိုင်သည့် အမှတ်(၁)ရေနံချက်စက်ရုံ(သံလျင်)၏ ပထမအဆင့် Phase အား ယခုနှစ် စက်တင်ဘာလတွင်လည်ပတ် ထုတ်လုပ်နိုင်ရေးအတွက် ဆောင်ရွက်နေမှု အခြေ အနေများကို နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇူလိုင် ၁၈ ရက်မွန်းလွဲပိုင်းက သွားရောက် ကြည့်ရှု စစ်ဆေးခဲ့သည်။
“ စက်ရုံလည်ပတ်ချိန်တွင် ပြည်သူလူထုအတွက် အလုပ်အကိုင်များလည်းရရှိနိုင်မည်ဖြစ်ပြီး ပြည်တွင်း လိုအပ်ချက်ဖြစ်သည့် စက်သုံးဆီများကို ကုန်ကျစရိတ်သက်သာစွာဖြင့် ဝယ်ယူအသုံးပြုနိုင်မည်လည်း ဖြစ်ကြောင်း၊ ပြည်ပမှ စက်သုံးဆီတင် သွင်းနေရမှုများကိုလည်း လျှော့ချနိုင်မည်ဖြစ်သဖြင့် နိုင်ငံခြား ငွေသုံးစွဲမှုများလည်းလျော့နည်းနိုင်မည်ဖြစ်ကြောင်း” နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။
အဆိုပါရေနံချက်စက်ရုံဖွင့်လှစ်နိုင်ခြင်းသည်မိမိတို့အစိုးရ မော်ကွန်းမှတ်တိုင်တစ်ခုပင်ဖြစ်ကြောင်းနှင့် စက်ရုံလည်ပတ်ရေးအတွက် လိုအပ်သည့်ကုန်ကြမ်းများ စဉ်ဆက်မပြတ်ရရှိရေးအတွက်လည်း စီမံ ဆောင်ရွက်ကြရန်လည်း သမ္မတက ဆက်လက်ပြောကြားသည်။
စွမ်းအင်ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က အမှတ် (၁) ရေနံချက်စက်ရုံ (သန်လျင်) ဆိုင်ရာအချက်အလက်များနှင့် ဆောင်ရွက်နေသည့်အခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။
တစ်နှစ်လျင် တန်ချိန် ၅ သိန်း ချက်လုပ်နိုင်သော Modular Type Refinery အား Phase I အဖြစ် စတင်ဆောင်ရွက်လျက်ရှိနေခြင်းဖြစ်ပြီး Phase II ကိုလည်းဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကာ Phase II ပြီးစီးချိန်တွင် နိုင်ငံတော်လိုအပ်ချက်၏ ဓာတ်ဆီ ၆၀ ရာခိုင်နှုန်း၊ ဒီဇယ်ဆီ ၅၀ ရာခိုင်နှုန်း ထုတ်လုပ်ဖြန့်ဖြူးနိုင်မည်ဖြစ်ကြောင်းသိရသည်။

ကောင်းမြတ်ကျော်သုံးသပ်ရေးသားသည်
အီရန်နှင့် အမေရိကန်တို့အကြား ဖြစ်ပွားနေသော ပဋိပက္ခသည် နှစ်နိုင်ငံအကြား စစ်ရေးအင်အား ပြိုင်ဆိုင်မှုအဆင့်မှ ကျော်လွန်ကာ အရှေ့အလယ်ပိုင်းဒေသတစ်ခုလုံးကို ဖြန့်ကြက်ထိခိုက်လာနိုင်သည့် အန္တရာယ်အရှိဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။
၂၀၂၆ ခုနှစ် ဇူလိုင် ၁၄ ရက်တွင် အီရန်တော်လှန်ရေးအစောင့်တပ်က ဂျော်ဒန်နိုင်ငံရှိ အမေရိကန် လေတပ်အခြေစိုက်စခန်းတစ်ခုကို ပဲ့ထိန်းဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့ကြောင်း ကြေညာခဲ့သည်။ ဂျော်ဒန် တပ်မတော်ကမူ အီရန်ဘက်မှ ဝင်ရောက်လာသော ဒုံးကျည်လေးစင်းကို ကြားဖြတ် ပစ်ချနိုင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ တစ်ချိန်တည်း၌ပင် အမေရိကန်တပ်ဖွဲ့များက အီရန်နိုင်ငံအတွင်း ငါးနာရီခန့်ကြာ စစ်ဆင်ရေးပြုလုပ်ခဲ့ပြီး ယင်းသည် သုံးညဆက်တိုက် ပြုလုပ်သည့် တိုက်ခိုက်မှုဖြစ်ကြောင်း Reuters က ဖော်ပြထားသည်။
ထိုအခြေအနေကို သီးခြားစစ်ဆင်ရေးနှစ်ခုအဖြစ်သာ မြင်၍မရတော့ပေ။ ဂျော်ဒန်၊ ဆော်ဒီအာရေဗျ၊ ယီမင်၊ အိုမန်ရေပိုင်နက်နှင့် ဟော်မုဇ်ရေလက်ကြားတို့ တစ်ပြိုင်နက်တည်း ပဋိပက္ခ၏ မြေပုံပေါ်သို့ ရောက်ရှိလာခြင်းသည် စစ်ပွဲ၏ နယ်ပယ်နှင့် ပါဝင်ပတ်သက်သူများ ပို၍ကျယ်ပြန့်လာနေပြီဖြစ်ကြောင်း ပြသနေသည်။
စစ်ပွဲ၏ဗဟိုချက်သည် အီရန်မြေပေါ်တွင်သာ မရှိတော့
အမေရိကန်နှင့် အီရန်တို့က မိမိတို့၏ စစ်ရေးလုပ်ဆောင်ချက်များကို တစ်ဖက်၏ တိုက်ခိုက်မှုအပေါ် တုံ့ပြန်ခြင်း၊ ကာကွယ်ရေးဆောင်ရွက်ခြင်း သို့မဟုတ် ရေကြောင်းလွတ်လပ်စွာသွားလာရေးကို ထိန်း သိမ်းခြင်းဟု အသီးသီး အကြောင်းပြနေကြသည်။ သို့သော် လက်တွေ့တွင် တုံ့ပြန်မှုတစ်ခုစီသည် နောက်ထပ်တုံ့ပြန်မှုတစ်ခုကို ဖိတ်ခေါ်နေသလိုဖြစ်နေသည်။
ယင်းကို “တိုက်ခိုက်မှု–တုံ့ပြန်မှု စက်ဝိုင်း” ဟု ဆိုနိုင်သည်။
အမေရိကန်က အီရန်ပစ်မှတ်များကို တိုက်ခိုက်သည်။ အီရန်က အမေရိကန်အခြေစိုက်စခန်းများ၊ ပင်လယ်ကွေ့နိုင်ငံများနှင့် စီးပွားရေးသင်္ဘောများကို ဖိအားပေးသည်။ ထိုမှတစ်ဆင့် အမေရိကန်က ပင်လယ်ရေကြောင်းပိတ်ဆို့မှုနှင့် လေကြောင်းတိုက်ခိုက်မှုများကို တိုးမြှင့်သည်။ အီရန်နှင့် နီးစပ်သည့် ဒေသတွင်းလက်နက်ကိုင်အဖွဲ့များကလည်း မိမိတို့၏ စစ်မျက်နှာများကို ပြန်လည်အသက်သွင်းလာကြ သည်။
ယီမင်ရှိ ဟူသီအဖွဲ့က ဆော်ဒီအာရေဗျနိုင်ငံရှိ အဘ်ဟာအပြည်ပြည်ဆိုင်ရာလေဆိပ်ကို ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့ခြင်းသည် ဤတိုးချဲ့ကျယ်ပြန့်လာနေမှု၏ ထင်ရှားသောနမူနာဖြစ်သည်။ ယင်းတိုက်ခိုက်မှုသည် ၂၀၂၂ ခုနှစ်က စတင်ခဲ့သော အလွတ်သဘော အပစ်အခတ်ရပ်စဲရေးနောက်ပိုင်း ဟူသီအဖွဲ့က ဆော်ဒီ အာရေဗျကို ပထမဆုံးပြန်လည်တိုက်ခိုက်ခြင်းဖြစ်သည်။
တိုက်ခိုက်မှု၏ အကြောင်းရင်းမှာ ဆာနားလေဆိပ်သို့ အီရန်လေယာဉ်တစ်စင်း ဆင်းသက်ခြင်းကို တားဆီးရန် လေယာဉ်ပြေးလမ်းအား ယီမင်အစိုးရတပ်ဖွဲ့က တိုက်ခိုက်ခဲ့ခြင်းကြောင့်ဟု သိရသည်။ အီရန်လေယာဉ်သည် နောက်ပိုင်းတွင် ဟူသီထိန်းချုပ်ရာ ဟိုဒေးဒါးလေဆိပ်သို့ ဆင်းသက်နိုင်ခဲ့သည်။ ဤဖြစ်ရပ်သည် ယီမင်ပြည်တွင်းစစ်နှင့် အီရန်–ဆော်ဒီ အင်အားပြိုင်ဆိုင်မှုတို့ မပြီးဆုံးသေးကြောင်း ပြန်လည်သတိပေးနေခြင်းလည်းဖြစ်သည်။
ထို့ကြောင့် ယနေ့စစ်ပွဲ၏ မေးခွန်းမှာ “အီရန်နှင့် အမေရိကန် ဘယ်သူအနိုင်ရမည်နည်း” ဟူ၍သာ မဟုတ် တော့ပေ။ “စစ်မျက်နှာအသစ် ဘယ်နိုင်ငံတွင် နောက်ထပ်ပေါ်ပေါက်မည်နည်း” ဟူသည့်မေးခွန်းက ပို၍ အရေးကြီးလာနေသည်။
ဟော်မုဇ်ရေလက်ကြား—စစ်ရေးထက် ပိုမိုအရေးကြီးသော စီးပွားရေးစစ်မျက်နှာ
ဟော်မုဇ်ရေလက်ကြားသည် ယခုဖြစ်ရပ်များ၏ ပထဝီနိုင်ငံရေးဗဟိုချက်ဖြစ်လာသည်။
စစ်ပွဲမဖြစ်ပွားမီ ကမ္ဘာ့ရေနံနှင့် သဘာဝဓာတ်ငွေ့သယ်ယူပို့ဆောင်မှု၏ ငါးပုံတစ်ပုံခန့်သည် ဟော်မုဇ် ရေလက်ကြားမှ နေ့စဉ်ဖြတ်သန်းခဲ့သည်။ တစ်ရက်လျှင် လောင်စာဆီစည် ၁၅ သန်းကျော် သယ်ယူခဲ့ပြီး တန်ဖိုးအားဖြင့် အနည်းဆုံး အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံခန့်ရှိကြောင်း Reuters က ဖော်ပြထားသည်။
ဟော်မုဇ်ကို ထိန်းချုပ်နိုင်ခြင်းသည် ရေနံတင်သင်္ဘောအချို့ကို တားဆီးနိုင်ခြင်းမျှသာမဟုတ်ပေ။ ကမ္ဘာ့ရေနံဈေး၊ သင်္ဘောအာမခံကြေး၊ သယ်ယူပို့ဆောင်ရေးကုန်ကျစရိတ်၊ စက်သုံးဆီဈေးနှင့် ကုန်ဈေး နှုန်းဖောင်းပွမှုတို့ကို သက်ရောက်စေနိုင်သည့် အင်အားတစ်ရပ်ကို ကိုင်တွယ်ထားခြင်းဖြစ်သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန်အား “ဟော်မုဇ်ရေလက်ကြား၏ စောင့်ရှောက်သူ” အဖြစ် သတ်မှတ်၍ ရေလက်ကြားမှဖြတ်သန်းသည့် ကုန်ပစ္စည်းများအပေါ် ၂၀ ရာခိုင်နှုန်း အခကြေးငွေ ကောက်ခံလိုကြောင်း ပြောကြားခဲ့သည်။ သို့သော် ကုလသမဂ္ဂ ရေကြောင်းအဖွဲ့အစည်းဘက်က နိုင်ငံတကာရေကြောင်းသွားလာရာ ရေလက်ကြားများအပေါ် အခွန်အခအတင်းအကျပ်ကောက်ခံရန် တရားဝင်အခြေခံမရှိကြောင်း တုံ့ပြန်ခဲ့သည်။
ဤအငြင်းပွားမှုသည် စစ်ရေးလုံခြုံရေးနှင့် နိုင်ငံတကာဥပဒေတို့ကြား မေးခွန်းကြီးတစ်ခုကို ဖြစ်ပေါ် စေသည်။ ရေကြောင်းလုံခြုံရေးပေးသည်ဟုဆိုကာ ကမ္ဘာ့ကုန်သွယ်ရေးလမ်းကြောင်းတစ်ခုကို မည်သည့် နိုင်ငံက စီးပွားရေးအရ ထိန်းချုပ်ခွင့်ရှိသနည်း။
တစ်ဖက်တွင်လည်း အီရန်သည် ဟော်မုဇ်ရေလက်ကြားကို မိမိ၏ဖိအားပေးကိရိယာအဖြစ် အသုံး ပြုနေသည်။ အိုမန်ရေပိုင်နက်အတွင်း သွားလာနေသော အာရပ်စော်ဘွားများပြည်ထောင်စုပိုင် ရေနံ တင်သင်္ဘောနှစ်စင်း အီရန်ခရုဇ်ဒုံးကျည်ဖြင့် တိုက်ခိုက်ခံခဲ့ရပြီး သင်္ဘောသားတစ်ဦးသေဆုံးကာ ရှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း UAE က ပြောကြားထားသည်။
အီရန်၏ရည်ရွယ်ချက်မှာ အမေရိကန်နှင့် မဟာမိတ်များကို စစ်ရေးအရသာ ထိခိုက်စေရန်မဟုတ်ဘဲ ကမ္ဘာ့စီးပွားရေးထဲ ကုန်ကျစရိတ်လွှဲပြောင်းထည့်သွင်းပေးရန်ဖြစ်နိုင်သည်။ ထိုနည်းဗျူဟာအရ စစ်ပွဲ၏ စျေးနှုန်းကို ဝါရှင်တန်နှင့် တီဟီရန်တို့သာမက အာရှ၊ ဥရောပနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများပါ ပေးဆောင်ရမလို ဖြစ်နေသည်။
စစ်ပွဲတွင် “အန္တရာယ်ကို လွှဲပြောင်းခံရသောနိုင်ငံများ”
ဂျော်ဒန်၊ ဆော်ဒီအာရေဗျ၊ UAE နှင့် အိုမန်တို့သည် အမေရိကန်–အီရန် ပဋိပက္ခကို စတင်ခဲ့သည့်နိုင်ငံများ မဟုတ်ကြပေ။ သို့သော် ယင်းတို့၏မြေ၊ လေပိုင်နက်၊ စစ်စခန်းနှင့် ရေပိုင်နက်များမှာ စစ်မျက်နှာ ဖြစ်လာနေသည်။
အီရန်တော်လှန်ရေးအစောင့်တပ်က ဂျော်ဒန်ပြည်သူများအား အမေရိကန်စစ်စခန်းများ ဖယ်ရှားရန် တိုက်တွန်းခဲ့ခြင်းမှာ ပင်လယ်ကွေ့နှင့် အရှေ့အလယ်ပိုင်းနိုင်ငံများကို ရွေးချယ်မှုတစ်ခုပြုရန် ဖိအား ပေးခြင်းလည်းဖြစ်သည်။ အီရန်ပေးလိုသည့် သတင်းစကားမှာ ရှင်းလင်းသည်။ ယင်းမှာ အမေရိကန် စစ်တပ်ကို အခြေစိုက်ခွင့်ပေးထားသည့်နိုင်ငံများသည် စစ်ပွဲတွင် ကြားနေနိုင်တော့မည်မဟုတ်ဟူသည့် သတိပေးချက်ဖြစ်သည်။
သို့သော် ဤဖိအားပေးမှုသည် အီရန်အတွက်လည်း ပြန်လည်ထိခိုက်နိုင်သည်။ ယခင်က အီရန်နှင့် ဆက်ဆံရေးပြေလည်အောင် ကြိုးပမ်းခဲ့သည့် ပင်လယ်ကွေ့နိုင်ငံများသည် ယခုအခါ အမေရိကန်၏ လုံခြုံရေးအကာအကွယ်ကို ပိုမိုလိုအပ်လာနိုင်သည်။ အီရန်က အမေရိကန်၏ဒေသတွင်းသြဇာကို လျှော့ချရန် ရည်ရွယ်သော်လည်း ယင်း၏ဒုံးကျည်တိုက်ခိုက်မှုများက အမေရိကန်တပ်များ ဒေသတွင်း ဆက်လက်တည်ရှိရန် အကြောင်းပြချက် ပိုမိုခိုင်မာစေနိုင်သည်။
ထိုအချက်သည် စစ်ရေးနည်းဗျူဟာ၏ ဝိရောဓိဖြစ်သည်။ မိမိဖယ်ရှားလိုသည့် အင်အားကို မိမိ၏ လုပ်ဆောင်မှုကြောင့် ပိုမိုခိုင်မာစေနိုင်ခြင်းဖြစ်သည်။
အမေရိကန်ပြည်တွင်းတွင် စစ်ပွဲအပေါ် ယုံကြည်မှုလျော့နည်းလာခြင်း
ပြင်ပစစ်မျက်နှာသာမက အမေရိကန်ပြည်တွင်းနိုင်ငံရေးကလည်း ပဋိပက္ခ၏ အနာဂတ်ကို ဆုံးဖြတ်နိုင် သည်။
ဇူလိုင်လအတွင်း ပြုလုပ်ခဲ့သည့် Reuters/Ipsos စစ်တမ်းအရ အမေရိကန်ပြည်သူ ၇၉ ရာခိုင်နှုန်းက အီရန်နှင့်စစ်ပွဲသည် ကြာရှည်မည်ဟု ခန့်မှန်းထားကြသည်။ မတ်လက ယင်းသို့ယူဆသူ ၆၅ ရာခိုင် နှုန်းသာရှိခဲ့သည်။ စစ်ပွဲအမြန်ပြီးဆုံးမည်ဟု ယုံကြည်သူမှာ ၁၈ ရာခိုင်နှုန်းသာရှိပြီး အီရန်အပေါ် အမေ ရိကန်၏ စစ်ရေးတိုက်ခိုက်မှုကို ထောက်ခံသူမှာ ၃၇ ရာခိုင်နှုန်းသာရှိသည်။ ထို့ပြင် ၆၀ ရာခိုင်နှုန်းက ဓာတ်ဆီဈေးတက်လာမည်ဟု ယူဆပြီး ထက်ဝက်ခန့်က စစ်ပွဲသည် ပေးဆပ်ရသည့်ကုန်ကျစရိတ်နှင့် မတန်ဟု မြင်ကြသည်။
စစ်ပွဲတစ်ခုသည် စစ်မြေပြင်တွင် အနိုင်ရနိုင်သော်လည်း ပြည်တွင်းလူထု၏ ထောက်ခံမှုဆုံးရှုံးသွားလျှင် နိုင်ငံရေးအရ အရှုံးပေါ်နိုင်သည်။
အမေရိကန်အစိုးရအတွက် အရေးကြီးသော စိန်ခေါ်မှုမှာ အီရန်၏စစ်ရေးစွမ်းရည်ကို ကန့်သတ်နိုင် ရေးသာ မဟုတ်တော့ပေ။ စစ်ပွဲ၏ရည်ရွယ်ချက်၊ အဆုံးသတ်မည့်အခြေအနေနှင့် အမေရိကန်ပြည်သူများ ပေးဆပ်ရမည့်ကုန်ကျစရိတ်တို့ကို ရှင်းလင်းစွာ အဓိပ္ပာယ်ဖော်ပြနိုင်ရေးဖြစ်လာနေသည်။
ရည်မှန်းချက်မရှင်းသော စစ်ပွဲများတွင် စစ်ဆင်ရေးအောင်မြင်မှုတစ်ခုစီက အဆုံးသတ်ကို ပိုမိုနီးကပ် စေမည့်အစား နောက်ထပ်စစ်ဆင်ရေးအတွက် အကြောင်းပြချက်တစ်ခု ဖြစ်လာတတ်သည်ကို သတိပြု ရန် လိုသည်။
စစ်ရေးအရအနိုင်ရခြင်းနှင့် နိုင်ငံရေးအရဖြေရှင်းခြင်း
အမေရိကန်တွင် အီရန်ထက် နည်းပညာ၊ လေကြောင်းနှင့် ရေတပ်အင်အားသာလွန်မှုရှိသည်။ အီရန် တွင်လည်း ဒုံးကျည်များ၊ ဒရုန်းများ၊ ပထဝီဝင်အသာစီးနှင့် ဒေသတွင်းမဟာမိတ်လက်နက်ကိုင်အဖွဲ့များ မှတစ်ဆင့် အချိုးမညီစစ်ဆင်ရေးကို ဆင်နွှဲနိုင်သည့်အင်အားရှိသည်။
ထို့ကြောင့် တစ်ဖက်က တစ်ဖက်ကို အပြီးတိုင်ဖယ်ရှားနိုင်သည့် စစ်ပွဲမျိုးတော့မဟုတ်ပေ။
အမေရိကန်က အီရန်၏ စစ်ရေးပစ်မှတ်များကို ဖျက်ဆီးနိုင်သော်လည်း အီရန်၏ ပထဝီနိုင်ငံရေးသြဇာနှင့် တုံ့ပြန်နိုင်စွမ်းကို လုံးဝဖယ်ရှားရန် ခက်ခဲသည်။ အီရန်ကလည်း ရေကြောင်းလမ်းများကို အနှောင့်အယှက်ပေး၍ အမေရိကန်၏ကုန်ကျစရိတ်ကို မြှင့်တင်နိုင်သော်လည်း အမေရိကန် စစ်အင်အား ကို ဒေသမှ အတင်းအကျပ်ဖယ်ရှားနိုင်ရန် မလွယ်ကူပေ။
ဤအခြေအနေတွင် စစ်ရေးအရ “အနိုင်” ဟူသည်မှာ တစ်ဖက်ကို လက်နက်ချစေခြင်းထက် ပိုမို ကောင်း မွန်သော ဆွေးနွေးပွဲအနေအထားတစ်ခု ရရှိရန် ကြိုးပမ်းခြင်းဖြစ်လာသည်။
သို့သော် နှစ်ဖက်စလုံးက ဆွေးနွေးပွဲမစမီ မိမိ၏အင်အားကို သက်သေပြလိုကြသည့်အခါ ထိန်းချုပ် မရသော တိုးမြှင့်မှုဖြစ်လာနိုင်သည်။ မှားယွင်းသည့်သတင်းအချက်အလက်၊ မှားယွင်းတွက်ချက်မှု သို့ မဟုတ် ဒုံးကျည်တစ်စင်းက လူအများအပြားသေဆုံးစေခြင်းတို့သည် မူလက မရည်ရွယ်ခဲ့သည့် အကြီး စားစစ်ပွဲကို ဖြစ်ပေါ်စေနိုင်သည်။
အရှေ့အလယ်ပိုင်း၏ အန္တရာယ်အရှိဆုံးအခြေအနေ
ယနေ့အခြေအနေကို အန္တရာယ်ရှိစေသည့်အချက်မှာ မည်သည့်နိုင်ငံမျှ စစ်ပွဲအပြည့်အဝ မလိုလား ကြောင်း ပြောဆိုနေသော်လည်း အားလုံး၏ လုပ်ဆောင်ချက်များက စစ်ပွဲအပြည့်အဝဆီသို့ ဦးတည် နေခြင်းဖြစ်သည်။
အမေရိကန်က စစ်ပွဲကို အကန့်အသတ်ထားလိုသည်ဟု ဆိုနိုင်သည်။ အီရန်ကလည်း မိမိကိုယ်ကိုယ် ကာကွယ်ခြင်းဖြစ်သည်ဟု ပြောနိုင်သည်။ ဆော်ဒီအာရေဗျနှင့် အခြားပင်လယ်ကွေ့နိုင်ငံများက ပဋိပက္ခ မတိုးချဲ့စေလိုကြောင်း ပြောနိုင်သည်။ သို့သော် ဒုံးကျည်များသည် နိုင်ငံရေးကြေညာချက်များ၏ အကန့် အသတ်ကို မလိုက်နာကြပါ။
စစ်ပွဲသည် တစ်နိုင်ငံ၏မြေပေါ်မှ အခြားနိုင်ငံ၏လေပိုင်နက်သို့၊ ထိုမှတစ်ဆင့် နိုင်ငံတကာ ရေကြောင်း လမ်းသို့ ရောက်ရှိသွားပြီဖြစ်သည်။ ယခုအခါ ကမ္ဘာ့စီးပွားရေး၊ စွမ်းအင်လုံခြုံရေးနှင့် နိုင်ငံတကာ ရေကြောင်းဥပဒေတို့ကိုပါ တိုက်ရိုက်စိန်ခေါ်နေသည်။
အရေးအကြီးဆုံးမှာ အမေရိကန်နှင့် အီရန်တို့အကြား ဆက်သွယ်ရေးလမ်းကြောင်းများ ပြန်လည်ဖွင့် လှစ်ရန်၊ ဟော်မုဇ်ရေလက်ကြား၏ လွတ်လပ်စွာသွားလာရေးကို နိုင်ငံတကာအာမခံချက်ဖြင့် ထိန်းသိမ်း ရန်နှင့် ဒေသတွင်းမဟာမိတ်များအား တိုက်ခိုက်မှုများ ရပ်တန့်စေရန် နှစ်ဖက်စလုံးက တာဝန်ယူရန်ဖြစ် သည်။
စစ်ရေးအင်အားပြသခြင်းသည် ပြိုင်ဘက်၏ ဆုံးဖြတ်ချက်ကို ပြောင်းလဲစေနိုင်သည်။ သို့သော် စစ်ရေး အင်အားတစ်ခုတည်းက ရေရှည်တည်တံ့သည့် လုံခြုံရေးစနစ်ကို မတည်ဆောက်နိုင်ပါ။
ဟော်မုဇ်ရေလက်ကြားကို ထိန်းချုပ်မည့်သူ မည်သူဖြစ်မည်ဆိုသည့် မေးခွန်းထက် ပို၍အရေးကြီး သည် မှာ ယင်းရေလက်ကြားအား စစ်ပွဲ၏ ဓားစာခံအဖြစ် မည်မျှကြာကြာ ဆက်လက်အသုံးပြုကြမည်နည်း ဟူသည့် မေးခွန်းဖြစ်သည်။
ယနေ့အရှေ့အလယ်ပိုင်းတွင် အောင်ပွဲခံနိုင်သည့် အင်အားကြီးနိုင်ငံ မပေါ်ပေါက်သေးပေ။ သို့သော် စစ်ပွဲ ဆက်လက်ရှည်ကြာပါက တကယ့်အရှုံးသမားများက မည်သူတွေလဲဆိုသည်ကတော့ ရှင်းလင်းစွာ ပေါ် လွင်နေပြီဖြစ်သည်။ဒေသတွင်းပြည်သူများ၊ သင်္ဘောသားများ၊ စွမ်းအင်တင်သွင်းရသောနိုင်ငံများနှင့် စစ်ပွဲ၏ကုန်ကျစရိတ်ကို ကုန်ဈေးနှုန်းမြင့်တက်မှုဖြင့် ပေးဆပ်နေကြရသည့် ကမ္ဘာ့ပြည်သူများပင် ဖြစ် ကြပါသည်။
ကိုးကား
၄။https://www.reuters.com/world/us/americans-expect-prolonged-us-iran-war-ceasefire-falters- reutersipsos-poll-finds-2026-07-13/
ဇူလိုင် ၁၁၊ ၂၀၂၆၊
ဒစ်ဘရူးဂါ့ (Dibrugarh): နှစ်ဘက် ကုန်သွယ်ရေးအဖွဲ့အစည်းများအကြား နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးပွဲ အပြီးတွင် ၆ နှစ်ကျော်ကြာ ရပ်နားထားခဲ့သော ပန်ဆောင်နယ်စပ်ဂိတ်မှ အိန္ဒိယ-မြန်မာ နယ်စပ် ကုန်သွယ်ရေးကို ဇူလိုင် ၂၀ ရက်တွင် ပြန်လည်စတင်ရန် စီစဉ်ထားသည်။
လွတ်လပ်စွာ သွားလာခွင့်အစီအစဉ် (Free Movement Regime - FMR) အရ အိန္ဒိယ-မြန်မာ နယ်စပ် နှစ်ဖက်စလုံးရှိ ၁၀ ကီလိုမီတာ ပတ်လည်အတွင်း နေထိုင်သူများအနေဖြင့် ဒေသတွင်းကုန်သွယ်မှုနှင့် နယ်စပ်ဖြတ်ကျော် ဖလှယ်မှုများ ပြုလုပ်ခွင့်ရှိသည်။
COVID-19 ကပ်ရောဂါကြောင့် ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီ ၃ ရက်ကတည်းက ပိတ်ထားခဲ့သော အဆိုပါ ကုန်သွယ်ရေးလမ်းကြောင်းသည် ပန်ဆောင်ဈေးကော်မတီနှင့် Nampong နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းရှင်များအသင်း (NBTBA) မှ ကိုယ်စားလှယ်များက မြန်မာနိုင်ငံဘက်မှ ကိုယ်စားလှယ်များနှင့် အာရုနာချယ်ပရာဒေ့ရှ် ပြည်နယ်၊ Changlang ခရိုင်၊ Nampong အနီးရှိ နယ်စပ်ဈေး (Border Haat) ၌ ဇူလိုင် ၉ ရက်နေ့က တွေ့ဆုံ၍ ကုန်သွယ်မှုပြန်လည်စတင်ရန် လုပ်ထုံးလုပ်နည်းများကို အပြီးသတ် ဆွေးနွေးခဲ့ကြပြီးနောက် ပြန်လည်ဖွင့်လှစ်မည်ဖြစ်သည်။
အိန္ဒိယကိုယ်စားလှယ်အဖွဲ့ကို ခရိုင်ကောင်စီ (Zilla Parishad) အဖွဲ့ဝင် Matton Ngaimong က NBTBA ဥက္ကဋ္ဌ Jongkham Morang၊ အထွေထွေအတွင်းရေးမှူး Rahulyong Tikhak တို့နှင့်အတူ ဦးဆောင်ခဲ့ သည်။ ယခုဆွေးနွေးပွဲသည် ဤကဲ့သို့သော ပထမဆုံး နှစ်နိုင်ငံတွေ့ဆုံမှုဖြစ်ပြီး နယ်စပ်ကုန်သွယ်ရေး ပြန်လည်ဖွင့်လှစ်ရန်အတွက် မြန်မာဘက်မှ အပြည့်အဝ ပူးပေါင်းဆောင်ရွက်မှုများဖြင့် အပြု သဘောဆောင်စွာ ပြီးဆုံးခဲ့သည်။
နှစ်ပေါင်းများစွာ ပြတ်တောက်နေခဲ့ပြီးနောက် ပုံမှန်ကုန်သွယ်မှုလုပ်ငန်းများ ပြန်လည်စတင်လာမည့် အပေါ် အသင်းအနေဖြင့် မျှော်လင့်နေကြောင်း NBTBA ဥက္ကဋ္ဌ Jongkham Morang က ပြောကြားခဲ့သည်။ “ကျွန်တော်တို့ ကုန်သည်တွေနဲ့ နယ်စပ်တစ်ဖက်က ကုန်သည်တွေဟာ ဒီအတွက် အချိန်အကြာကြီး စောင့်ဆိုင်းခဲ့ကြရတာပါ။ ကပ်ရောဂါကာလအတွင်း ဆုံးရှုံးခဲ့ရတဲ့ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေ ကို ဒါက ပြန်လည်သယ်ဆောင်လာပေးလိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်” ဟု သူက ဆိုသည်။
ဤတိုးတက်မှုအပေါ် အကောင်းမြင်ကြောင်း Nampong လွှတ်တော်အမတ် Laisam Simai က “နယ်စပ် ဈေး ပြန်လည်အသက်ဝင်လာခြင်းဟာ ပိုမိုကောင်းမွန်တဲ့ စီးပွားရေးအခွင့်အလမ်းတွေ ဖန်တီးပေးပြီး ဒေသတွင်းက အသေးစားကုန်သည်တွေနဲ့ နေထိုင်သူတွေရဲ့ အသက်မွေးဝမ်းကျောင်းမှုကို တိုးတက် စေခြင်းအားဖြင့် ဒေသတွင်းစီးပွားရေးကို သိသိသာသာ မြှင့်တင်ပေးပါလိမ့်မယ်” ဟု ပြောကြားခဲ့သည်။
လွတ်လပ်စွာ သွားလာခွင့်အစီအစဉ် (FMR) အရ နယ်စပ်ဈေးကို လစဉ် ၁၀၊ ၂၀ နှင့် ၃၀ ရက်များတွင် ဖွင့်လှစ်မည်ဖြစ်ပြီး FMR လမ်းညွှန်ချက်များနှင့်အညီ သတ်မှတ်ထားသော နယ်စပ် ၁၀ ကီလိုမီတာ ပတ်လည်အတွင်း နေထိုင်သည့် အရည်အချင်းပြည့်မီသူများသာ ပါဝင်ခွင့်ရမည်ဖြစ်သည်။ တောင်တန်း များကို ဖြတ်သန်းသွားသော ပန်ဆောင် (Pangsau Pass) သည် Nampong ကို မြန်မာနိုင်ငံ ကချင်ပြည်နယ်နှင့် ဆက်သွယ်ပေးထားပြီး Nampong ဒေသမှ ကုန်သည်များနှင့် ယင်းတို့၏ မြန်မာ အိမ်နီးချင်းများအကြား အဓိကကုန်သွယ်ရေးနေရာအဖြစ် သမိုင်းစဉ်ဆက် တည်ရှိခဲ့သည်။
ယခုလဆန်းပိုင်းတွင် နယ်စပ်ဈေး ပြန်လည်ဖွင့်လှစ်ရေး ကြိုးပမ်းမှု အားကောင်းလာခဲ့သည်။ ဇူလိုင် ၃ ရက်နေ့က နယူးဒေလီမြို့၊ Vanijya Bhawan ၌ ကျင်းပသော ကုန်သွယ်ရေးဘုတ်အဖွဲ့ အစည်းအဝေးတွင် အာရုနာချယ်ပရာဒေ့ရှ် လွှတ်တော်ကိုယ်စားလှယ် Mohesh Chai က ပြည်ထောင်စု ကူးသန်း ရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီး Piyush Goyal ထံ ပန်ဆောင်နယ်စပ်ဂိတ် ကုန်သွယ်ရေး ပြန်လည် စတင်ရန် ကိစ္စကို တင်ပြခဲ့သည်။ ရက်ပိုင်းအကြာ ဇူလိုင် ၈ ရက်တွင် Nampong လွှတ်တော်အမတ် Laisam Simai သည် အာရုနာချယ်ပရာဒေ့ရှ် အစိုးရ၊ ကုန်သွယ်ရေးနှင့် ကူးသန်းရောင်းဝယ်ရေးအတွင်းဝန် Bullo Mamu နှင့် တွေ့ဆုံကာ အခြားကုန်သွယ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်အတူ ပြန်လည်ဖွင့်လှစ်ရေးကို ဆွေးနွေးခဲ့သည်။
အဆိုပါ တွေ့ဆုံမှုအပြီး ထိုနေ့မှာပင် နယ်စပ်ဈေးကို “စနစ်တကျ၊ ပွင့်လင်းမြင်သာမှုရှိပြီး လုံခြုံစိတ်ချရ သော နည်းလမ်းဖြင့်” လုပ်ဆောင်နိုင်ရန် စံလုပ်ထုံးလုပ်နည်း (SOP) နှင့်အတူ ဇူလိုင် ၁၀ ရက်နေ့မှ စတင်၍ ပြန်လည်ဖွင့်လှစ်မည့် အကြောင်းကြားစာကို ထုတ်ပြန်ခဲ့သည်။
သို့သော်လည်း ပန်ဆောင်ဈေးကော်မတီ၊ NBTBA နှင့် မြန်မာနိုင်ငံဘက်မှ ကိုယ်စားလှယ်များအကြား လုပ်ထုံးလုပ်နည်းများကို အပြီးသတ် သတ်မှတ်နိုင်ခြင်း မရှိသေးသဖြင့် အမှန်တကယ် ပြန်လည် စတင်မည့်ရက်ကို ဇူလိုင် ၉ ရက်နေ့ အစည်းအဝေးအပြီးတွင် ဇူလိုင် ၂၀ ရက်သို့ ရွှေ့ဆိုင်းခဲ့သည်။
ထို့ပြင် နယ်စပ်ဈေး၌ နယ်စပ်ဖြတ်ကျော် လူပုဂ္ဂိုလ်များ သွားလာမှုနှင့် ဆက်စပ်ကိစ္စရပ်များကို FMR ပါ ပြဋ္ဌာန်းချက်များ၊ အိန္ဒိယအစိုးရနှင့် အာရုနာချယ်ပရာဒေ့ရှ် အစိုးရတို့၏ အခြားသက်ဆိုင်ရာ ဥပဒေ၊ စည်းမျဉ်းများနှင့်အညီ အုပ်ချုပ်မည်ဖြစ်ကြောင်း အစိုးရအမိန့်စာတွင် ဖော်ပြထားသည်။
တာဝန်ရှိသူများနှင့် ကုန်သွယ်ရေးကိုယ်စားလှယ်များကမူ ယခုကဲ့သို့ ပြန်လည်စတင်ခြင်းသည် ဒေသ တွင်း ကူးသန်းရောင်းဝယ်ရေးကို ပြန်လည်နိုးကြားစေပြီး၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင် ပေးနိုင်မည့်အပြင် နိုင်ငံတကာနယ်နိမိတ်ကို ဖြတ်ကျော်၍ လူမျိုးရေးနှင့် မိသားစု ဆွေမျိုးဆက်စပ်မှု များရှိသည့် အိန္ဒိယနှင့် မြန်မာ နယ်စပ်အသိုက်အဝန်းများအကြား ကာလရှည်ကြာ တည်ရှိခဲ့သော ဆက်ဆံ ရေးကို ပိုမိုခိုင်မာစေမည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
Source: Times of India - Jul 11, 2026
၁၀ ဇူလိုင်၊၂၀၂၆
စားအုန်းဆီ အား သတ်မှတ်ရည်ညွှန်းစျေးနှုန်းများဖြင့် ပြည်သူများအားဖြန့်ဖြူးပေးလျက်ရှိသော်လည်း တစ်ဆင့်တစ်ဆင့်ပြန်လည်ရောင်းချသူများမှ အမြတ်တင်ရောင်းချမှုကြောင့်စျေးနှုန်း အနည်းငယ်ကြီးမြင့် လျက်ရှိကြောင်းသတင်းရရှိသည်။
သက်ဆိုင်ရာ တာဝန်ရှိသူများက စားအုန်းဆီဈေးနှုန်းများပြန်လည်တည်ငြိမ်စေရေးအတွက် လိုအပ်သည် များကို ဆောင်ရွက်နေကြောင်းလည်း စုံစမ်းသိရှိရသည်။
Page 2 of 81