#LocalNews
Published_15 June 2022
တရုတ်နှင့် အိန္ဒိယအခြေစိုက် ကုမ္ပဏီ ၅ ခုမှ ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ်တွင် ဖွဲနုဆီစက်ရုံစီမံကိန်းတည်ဆောက်ရန် အဆိုပြုလွှာတောင်းခံထားကြောင်း မြန်မာနိုင်ငံလယ်ယာစီးပွားရေး အများပိုင်ကုမ္ပဏီလီမိတက် (MAPCO) က သိရသည်။
ခန့်မှန်း မြန်မာငွေ ကျပ် ၆ ဒသမ ၅ ဘီလီယံခန့် ရင်းနှီးမြှုပ်နှံမည့် အဆိုပါ စက်ရုံစီမံကိန်းအတွက် အိန္ဒိယမှ အတွေ့အကြုံရှိ ကုမ္ပဏီ ၃ ခု၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ကုမ္ပဏီ ၂ ခုတို့အနေဖြင့် ဈေးနှုန်းအဆိုပြုပေးထားသည်ကို လက်ခံရရှိထားကြောင်း၊ ယခုအခါ စီမံကိန်းအတွင်းတပ်ဆင်မယ့် စက်ဒီဇိုင်းကို သက်ဆိုင်ရာကုမ္ပဏီများနှင့် ညှိနှိုင်းနေကြောင်း ၂၀၂၁-၂၀၂၂ နှစ်ပတ်လည်အစီရင်ခံစာကို ကိုးကား၍ MAPCO ၏ တာဝန်ရှိသူကပြောသည်။
အဆိုပါ ဖွဲနုဆီစက်ရုံကို ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်ရှိ တစ်နေ့လျှင် တန် ၂၀၀ ထွက်ရှိသော မြောင်းမြစက်ရုံ (ယခင်ဂုန်နီစက်ရုံ)မှ ဖွဲနုမှ ဖွဲနုဆီကြမ်းထုတ်လုပ်သည့် စက်ရုံကို တိုးချဲ့တည်ဆောက်ရန် MAPCO အနေဖြင့် ၂၀၁၈ ခုနှစ်ကတည်းက စတင် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းကို စိုက်ပျိုးရေးဦးစီးဌာနထံမှ နှစ်ရှည်ငှားရမ်းထားခြင်းဖြစ်ကြောင်းနှင့် စီမံကိန်းအကျယ်အဝန်းမှာ ၁၀ ဧကခန့်ရှိကာ စက်ရုံဝင်းအတွင်းရှိ သိုလှောင်ရုံ ၆ လုံးကိုလည်း ပြန်လည်ပြုပြင် အသုံးပြုသွားမည်ဖြစ်ကြောင်း၊ စီမံကိန်းမှ ထွက်သည့် ဆီကြမ်း (Crude Rice Bran Oil) များကို ဂျပန်၊ အိန္ဒိယ၊ ထိုင်း စသည့်ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချမှာဖြစ်ပြီး ဆီထုတ်ပြီး ဖွဲနုများကို ပြည်တွင်းရှိ တိရစ္ဆာန်အစာစပ်လုပ်ငန်း၊ မွေးမြူရေးလုပ်ငန်းများသို့ ရောင်းချပေးမည် ဖြစ်ကြောင်းလည်း သိရသည်။
photo-MAPCO
ymg/mt
#Yangon_Media_Group
#LocalNews
Published_15 June 2022
ကိုဗစ်မတိုင်မီက ထိုင်းနိုင်ငံသို့သွားရောက်လုပ်ကိုင်ကြမည့် MOU စာချုပ်ချုပ်ဆိုထားသူများအနေဖြင့် မိမိတို့ချိတ်ဆက်ထားသည့် ပြည်ပအလုပ်အကိုင်အေဂျင်စီများနှင့် ပြန်လည်ဆက်သွယ်နိုင်ကြောင်း သိရသည်။
ပြည်ပအလုပ်အကိုင် ရှာဖွေပေးရေးအေဂျင်စီများအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် MOU လုပ်သားများအား ထိုင်းနိုင်ငံသို့စေလွှတ်ခြင်းကို ခေတ္တဆိုင်းငံ့ခဲ့ရခြင်း ဖြစ်သောကြောင့် ယခုအခါ ပြန်လည်ပို့ဆောင်ပေးနေပြီဖြစ်၍ ပြန်လည် ဆက်သွယ်ကြရန် အကြောင်းကြားခြင်းဖြစ်ကြောင်း သိရသည်။
"အခုက အေဂျင်စီတွေအနေနဲ့ ထိုင်းနိုင်ငံကို အလုပ်သမားတွေ ပြန်လွှတ်နေပြီဆိုတော့ အရင်က ချုပ်ဆိုထားတဲ့သူတွေ အနေနဲ့ Demand အလိုက် ပြန်လည်စေလွတ်နိုင်ဖို့အတွက် ဆက်သွယ်ကြစေလိုတာပါ၊ ကိုဗစ်မတိုင်ခင်က ပွင့်ဖူးအောင်နဲ့ ချုပ်ထားတာ လူ ၄၀၀ ကျော်လောက် ရှိတယ်။အခု ပြန်ပြီးတော့ လမ်းကြောင်းပွင့်တဲ့အခါ ၂၀၀ လောက် ဆက်သွယ်ထားကြပြီးပြီ၊ တချို့ကလည်း မလုပ်ဖြစ်တော့လို့ ဝန်ဆောင်ခကို ပြန်ထုတ်တာ ရှိတယ်။ အခု ပွင့်ဖူးအောင်နဲ့ MOU လုပ်ထားတဲ့ လုပ်သားထဲမှာ ကျန်နေတာက အယောက် တစ်ရာလောက် ရှိတယ် "ဟု ပွင့်ဖူးအောင် ပြည်ပအလုပ်အကိုင်အေဂျင်စီ၏ တာဝန်ရှိသူက ပြောသည်။
ပြီးခဲ့သည့် မေလ ဒုတိယပတ်ကစ၍ ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် စေလွတ်ခဲ့သည့် အလုပ်သမားအရေအတွက်မှာ နှစ်ထောင်ကျော် ရှိပြီ ဖြစ်ကြောင်းလည်း သိရသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published - 15 June 2022
ကိုဗစ်ကာကွယ်ဆေးအကြိမ်ပြည့်မထိုးထားသူများ၊ ကာကွယ်ဆေးထိုးလက်မှတ်အထောက်အထားမပြနိုင်သူများနှင့် (၄၈)နာရီအတွင်း ကိုဗစ်မစစ်ရသေးသူများ အနေဖြင့်ကယ်ဆယ်ရေးလေယာဉ်ဖြင့် လိုက်ပါနိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်၊၊
ကယ်ဆယ်ရေးလေယာဉ်တွင် နိုင်ငံခြားသားခရီးသည်များ လိုက်ပါခွင့်မရှိဘဲ မြန်မာနိုင်ငံသားများကိုသာ ခေါ်ဆောင်မည်ဟုဆိုသည်၊၊
ယင်းကဲ့သို့ ကာကွယ်ဆေးအကြိမ်ပြည့်မထိုးထားသူ၊ ကာကွယ်ဆေးထိုးလက်မှတ်အထောက်အထားမပြနိုင်သူများနှင့်(၄၈)နာရီအတွင်း ကိုဗစ်မစစ်ရသေးသူများ အနေဖြင့် မြန်မာနိုင်ငံကိုရောက်ရှိပြီး(၁)ရက်မြောက်နေ့တွင် RTD Test kit ဖြင့် လည်းကောင်း၊ (၃)ရက်မြောက်နေ့တွင် RT-PCR ဓာတ်ခွဲစစ်ဆေးမှုဖြင့် လည်းကောင်း စစ်ဆေးမှုခံယူရမည်ဖြစ်သည်၊၊
ကိုဗစ်ရောဂါပိုးတွေ့ရှိပါက ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ထားသည့်ဆေးရုံများကို လွှဲပြောင်းပေးပို့ ကုသစေမည်ဖြစ်ပြီး ပုဂ္ဂလိကဆေးရုံနှင့် ဟိုတယ်များတွင် ကျန်းမာရေးစောင့်ရှောက်မှုခံယူလိုပါက မိမိစရိတ်ဖြင့် ကုန်ကျခံရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြပါရှိသည်၊၊
ymg/tthl
#Yangon_Media_Group
#LocalNews
Published _15 June 2022
ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်နှင့် ပျူခေတ်စသည့် ခေတ် (၄)ခေတ်အကြောင်းကို သမိုင်းဆိုင်ရာစာအုပ်များ ရေးသားထုတ်ဝေသွားမည်ဖြစ်ကြောင်း သမိုင်းသုတေသနနှင့် အမျိုးသား စာကြည့်တိုက်ဦးစီးဌာနမှ သိရသည်။
ပြည်တွင်း၌ ရှာဖွေတွေ့ရှိသော သမိုင်းအထောက်အထားများအပေါ် အခြေခံပြီး ကျောက်ခေတ် သမိုင်းစာအုပ်နှင့် ကြေးခေတ်၊ သံခေတ်သမိုင်းစာအုပ်များအတွက် ရာနှုန်းပြည့်ရေးသားပြီးစီးနေပြီဖြစ်ကာ ပျူခေတ်သမိုင်းနှင့် ပတ်သက်၍လည်း ၇၀ ရာခိုင်နှုန်းခန့် ရေးသားထားပြီး ဖြစ်ကြောင်း ယင်းဌာနမှ သိရသည်။
ကြေးခေတ်၊ သံခေတ်သမိုင်း စာအုပ်ကို ယခုနှစ်အတွင်း ထုတ်ဝေကာ ကျောက်ခေတ်သမိုင်းစာအုပ်ကို ယခုနှစ်ကုန်ပိုင်း (သို့မဟုတ်) လာမည့် နှစ်ဆန်းပိုင်းတွင် ရိုက်နှိပ်ထုတ်ဝေသွားမည်ဖြစ်ပြီး ပျူခေတ်သမိုင်းစာအုပ်ဟာ ၇၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီ ဖြစ်သော်လည်း အချိန်ယူရေးသားရမည်ဖြစ်သောကြောင့် လာမည့် ဘဏ္ဍာနှစ်တွင်ထုတ်ဝေနိုင်စေရန် ရည်မှန်းထားကြောင်း သမိုင်း သုတေသနနှင့် အမျိုးသား စာကြည့်တိုက်ဦးစီးဌာနမှ သိရသည်။
အဆိုပါ ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်နှင့် ပျူခေတ်သမိုင်းစာအုပ်များကို ပြည်တွင်းရှိ သမိုင်းသုတေသနပညာရှင်များက ရေးသားထားပြီး ရှေးဟောင်းသုတေသနမှ ပညာရှင်များ၏ သုတေသနစာတမ်းများနှင့် တိုက်ဆိုင်စစ်ဆေးခြင်းများအပြင် ၎င်းတို့ထံမှ အကြံပြုချက်များရယူကာ ဖြည့်စွက်ပြင်ဆင်ခြင်းများ ဆောင်ရွက်နေကြောင်းလည်း ယင်းမှသိရသည်။
ymg/NN
#Yangon_Media_Group
#LocalNews
Published - 15 June 2022
အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာန၌ မှတ်တမ်းတင်ထားခြင်းမရှိသည့်အပြင် ကျန်းမာရေးအတွက် အန္တရာယ်ဖြစ်စေနိုင်သော အလှကုန်ပစ္စည်း လေးမျိုးအား တင်သွင်းဖြန့်ဖြူးရောင်းချနေသည်ကို စစ်ဆေးတွေ့ရှိပါက အရေးယူသွားမည်ဟု ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။
Huncihbeauty-Fashion 2 in 1 Lipstick & Lipgloss ၊ PRIM PERFECT- Herbal Toothpaste ၊ Collagen Plus Vit E- Day & Night Cream နှင့် Princess- Whitening Night Cream လေး မျိုးသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲမှုဦးစီးဌာန၌ မှတ်တမ်းတင်ထားခြင်းမရှိသည့်အပြင် ကျန်းမာရေးအတွက် ဘေးအန္တရာယ်ဖြစ်စေနိုင်သော တားမြစ်ဓာတုပစ္စည်းများပါဝင်နေသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ အလှကုန်ပစ္စည်း လေးမျိုးအနက် နှစ်မျိုးသည် ထိုင်းဘာသာဖြင့် ထုတ်လုပ်သည့်ကုမ္ပဏီနာမည်အား ဖော်ပြထားပြီး ကျန်နှစ်မျိုးမှာ ကုမ္ပဏီနာမည် ဖော်ပြထားခြင်းမရှိသည်ကို စစ်ဆေးတွေ့ရှိခဲ့သည်ဟုလည်း သိရသည်။
တားမြစ်ဓာတုပစ္စည်းများသည် အရေပြားယားယံခြင်း၊ ရောင်ရမ်းခြင်း၊ အဖြူအနီကွက်များဖြစ်ခြင်း၊ အရေပြားမှတစ်ဆင့် ခန္ဓာကိုယ်အတွင်းသို့ စုပ်ယူ၍ ထုံကျင်ခြင်း၊ ကြွက်သားတုန်ခါခြင်း ၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်းနှင့် စိတ်ကျရောဂါများအပြင် ရေရှည်သုံးစွဲပါက ကျောက်ကပ်ပျက်စီးခြင်း နှင့်အခြားရောဂါများ ဖြစ်ပွားနိုင်ကြောင်း သိရသည်။
အလှကုန်ပစ္စည်း တင်သွင်းဖြန့်ဖြူးရောင်းချသည့် ကုမ္ပဏီနှင့် လက်လီလက်ကားဆိုင်များသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတွင် မှတ်တမ်းတင်ထားခြင်းမရှိသော အလှကုန်ပစ္စည်းများ တင်သွင်းဖြန့်ဖြူးရောင်းချပါက ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဥပဒေပုဒ်မ ၃၊ ပိုဒ် (၃)(ဃ)အရ အရေးယူမည်ဖြစ်ကြောင်း သိရသည်။
ymg/sth
#Yangon_Media_Group
#LocalNews
Published _ 15 June 2022
ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ စိုက်ပျိုးရေးနှင့်မွေးမြူရေး၊ ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ယခု ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် သဘာဝပတ်ဝန်းကျင်အား ထိခိုက်မှုမရှိစေပဲ ငါးနှင့်ပုစွန်ကန် ဧရိယာ ဧက ၂၅၀၀ခန့်နှင့် ရွှံ့ကဏန်း ထိန်းသိမ်းရေး ဧရိယာ ဧက ၁သောင်းကျော် ဖော်ထုတ်ထိန်းသိမ်းနေကြောင်း သိရသည်။
"စိုက်ပျိုးရေးနှင့် မွေးမြူရေး ကဏ္ဍဟာနိုင်ငံရဲ့ အဓိကအရေးပါတဲ့ ကဏ္ဍတစ်ခုဖြစ်တာကြောင့် ငါးလုပ်ငန်းဦးစီးဌာနအနေနဲ့ ငါးမွေးမြူရေးနည်းစနစ်များ ပြန့်ပွားအောင်ဆောင်ရွက်နေလျှက်ရှိပါတယ်။ ငါးသားပေါက်စခန်းတွေက နိုင်ငံ့ဝင်ငွေ အတော်အသင့်ရရှိတဲ့ လုပ်ငန်းတွေဖြစ်တာကြောင့် ပိုမိုတိုးချဲ့ဆောင်ရွက်ဖို့လိုကြောင်း" စိုက်ပျိုးရေးနှင့်မွေးမြူရေး၊ ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး ကပြောကြားခဲ့သည်။
ဇွန်လ ၁၄ရက်က ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနသို့ သွားရောက်စဥ် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါ ဦးစီးဌာနအနေဖြင့် လက်ရှိ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် ရေထွက်ပစ္စည်း ပြည်ပတင်ပို့မှုအခြေအနေများနှင့် မျိုးကောင်း မျိုးသန့်သားပေါက် ထုတ်လုပ်မှုလုပ်ငန်းစဥ်များကို ဒုတိယဝန်ကြီးထံ တင်ပြခဲ့ကြောင်း သိရသည်။
ymg/NN
#Yangon_Media_Group
#LocalNews
Published _ 15 June 2022
တေးသံသွင်းလုပ်ငန်း လုပ်ကိုင်သူများအနေဖြင့် လုပ်ကိုင်ခွင့် မှတ်ပုံတင်လက်မှတ်အသစ် ပြုလုပ်ရန်နှင့် သက်တမ်းတိုးလဲလှယ်ရန် ပြန်ကြားရေးဝန်ကြီးဌာနမှ အသိပေးကြေညာထားကြောင်း သိရသည်။
တေးသံသွင်း လုပ်ငန်းမှတ်ပုံတင်လက်မှတ် သက်တမ်းကုန်ဆုံးပါက တေးသံသွင်းလုပ်ငန်းလုပ်ကိုင်ခွင့် အမိန့် အခန်း(၂) အပိုဒ် ၁၁ နှင့် ၁၂ အရ သက်တမ်းကုန်ဆုံးသည့် ရက်မှစ၍ ရက်ပေါင်း ၃၀ အတွင်း ကြိုတင်ကာ သတ်မှတ်ပုံစံနှင့်အတူ မှတ်ပုံတင်ကြေး (ကျပ်ငါးထောင်တိတိ) ပေးသွင်းရမည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းဖြစ်ပါက ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲသို့လည်းကောင်း၊ အခြားတိုင်းဒေသကြီး၊ ပြည်နယ်များအတွင်း ဖြစ်ပါက သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးများမှတစ်ဆင့် ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲသို့လည်းကောင်း ဆက်သွယ်၍ တေးသံသွင်းလုပ်ငန်းလုပ်ကိုင် ခွင့်မှတ်ပုံတင်လက်မှတ် သက်တမ်းတိုးခြင်းများကို လာရောက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
တေးသံသွင်းလုပ်ငန်းလုပ်ကိုင်ခွင့် မှတ်ပုံတင်လက်မှတ်မရှိဘဲ လုပ်ငန်းလုပ်ကိုင်ခွင့်မရှိကြောင်းအပါအဝင် သက်တမ်းကုန်လွန်သော လုပ်ကိုင်ခွင့်မှတ်ပုံတင်လက်မှတ်များဖြင့် လုပ်ငန်းဆက်လက်လုပ်ကိုင်ခွင့်မရှိကြောင်း၊ သက်တမ်းကုန်ဆုံးပြီး လုပ်ငန်းဆက်လက်လုပ်ကိုင်ပါက တေးသံသွင်းလုပ်ငန်းလုပ်ကိုင်ခွင့် အမိန့်အရ အရေးယူခံရမည်ဖြစ်ကြောင်း ယင်းဌာနမှ အသိပေးကြေညာထားသည်။
အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေပုဒ်မ ၄ ပုဒ်မခွဲ(ဂ)အရ အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်များကို ကျင့်သုံး၍ ပြီးခဲ့သော မတ်လ ၃၀ ရက်တွင် တေးသံသွင်းလုပ်ငန်းလုပ်ကိုင်ခွင့်အမိန့်၊ အမိန့်အမှတ် (၂/၂၀၂၁)ဖြင့် တေးသံသွင်းလုပ်ငန်း လုပ်ကိုင်ခွင့် မှတ်ပုံတင်လက်မှတ်များအား (၁)နှစ် သက်တမ်းဖြင့် ခွင့်ပြုပေးထားကြောင်းလည်း သိရသည်။
ymg/NN
#Yangon_Media_Group
Page 2107 of 2359