#LocalNews
Published_24 March 2022

 

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင်သတ်မှတ်ထားသော ညမထွက်ရအမိန့် (curfew) ကို ညသန်းခေါင် ၁၂ နာရီမှ နံနက် ၄ နာရီ အဖြစ်ပြောင်းလဲ သတ်မှတ်လိုက်ပြီးနောက် YBS ယာဉ်များနောက်ဆုံးထား ပြေးဆွဲချိန်ကို ည ၁၀ နာရီထိ သတ်မှတ်လိုက်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ(YRTC) က သိရသည်။

 

ယခင် ညမထွက်ရ အမိန့်ကို ည (၁၀) နာရီ မှ နံနက် (၄) နာရီထိ သတ်မှတ်ခဲ့စဉ် YBS ယာဉ်များ နောက်ဆုံးပြေးဆွဲချိန်မှာ ည ၈ နာရီထိ သတ်မှတ်ရာမှ ယခုကဲ့သို့ ပြောင်းလဲလိုက်ခြင်းဖြစ်သည်။

 

"ညမထွက်ရအမိန့်က ည ၁၂ ကနေ မနက် ၄ အထိ ဖြစ်သွားတဲ့အတွက် ခရီးသွားပြည်သူလူထုတွေအဆင်ပြေစေဖို့ ည ၁၀ နာရီ အထိလောက် နောက်ဆုံးပြေးဆွဲပေးဖို့ အကြောင်းကြားထားတယ်"ဟု ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC) ၏ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန် က YMG ကို ပြောသည်။

 

YRTC ၏ စာရင်းများအရ ယခုအခါ လက်ရှိတွင် YBS ပြေးဆွဲလမ်းကြောင်း ၁၂၅ လမ်းကြောင်း ကျော်၊ ယာဉ်စီးရေ ၃,၅၀၀ ကျော်တို့ဖြင့် နေ့စဉ်ခရီးသည် ၇ သိန်းကျော်ပို့ဆောင်ပေးနေကြောင်း၊ ယခင်က YBS စီးနင်းသူ တစ်နေ့လျှင် ၁ ဒသမ ၈ သန်းထိရှိခဲ့သော်လည်း COVID-19 ကြောင့် စီးနင်းသူ ၉၀ ရာခိုင်နှုန်းထိကျဆင်းခဲ့ရာမှ တစ်ဖြည်းဖြည်းပြန်လည်မြင့်တက်လာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

ymg/mt
#Yangon_Media_Group