#LocalNews
Published-27 Feb 2022

 

ရန်ကုန်မြို့အတွင်းပြေးဆွဲလျက်ရှိတဲ့ YBS ယာဉ်လိုင်းတွေကို Yangon Payment Service(YPS)စနစ်နဲ့ ခရီးအကွာအဝေးအလိုက် ယာဉ်စီးခများ ပိုင်းဖြတ်ကောက်ခံသွားမှာဖြစ်တယ်လို့ YRTC ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

 

လတ်တလောမှာYBS ယာဉ်လိုင်းတွေကို ပုံသေယာဉ်စီးခတိုးမြှင့်ကောက်ခံဖို့ တရားဝင်ခွင့်ပြုထားတာမရှိသေးပဲ YPS ကတ်စနစ်ကိုအသုံးပြုပြီး ခရီးအကွာအဝေးအလိုက် ကောက်ခံတဲ့စနစ်ကို ဆောင်ရွက်မယ်လို့ YRTC မှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ပြောပါတယ်။

 

YBS ယာဉ်တွေမှာ ယာဉ်စီးခကို YPS ကတ်နဲ့ အသုံးပြုတဲ့စနစ် ပိုပြီး တွင်ကျယ်လာဖို့ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ - YRTC က လုပ်ဆောင်နေပြီး အဆိုပါကတ်စနစ်အကောင်အထည်ဖော်ပါက ကတ်စနစ်ဆောင်ရွက်ပေးတဲ့ကုမ္ပဏီ၊YRTCနဲ့ ဘဏ်တို့ကို ဝန်ဆောင်ခတွေ ပေးသွင်းရမှာဖြစ်တာကြောင့် ခရီးစဥ်အစအဆုံးကို ငွေကျပ် ၄၀၀ ထက်မပိုသောနှုန်းထားသတ်မှတ်ကာ ပိုင်းဖြတ်စနစ်နဲ့ကောက်ခံစေချင်တယ်လို့ ယာဥ်လိုင်းကုမ္ပဏီတွေကပြောဆိုထားပါတယ်။

 

YPS ကတ်စနစ်အရ ခရီးစဉ်မိုင် အကွာအဝေးအလိုက် ယာဉ်စီးခများ ပိုင်းဖြတ်နိုင်ရေးအတွက် ယာဉ်လိုင်းကုမ္ပဏီများနဲ့ Asia Starmar Intelligient ကုမ္ပဏီတို့ ညှိနှိုင်းဆောင်ရွက်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

 

ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၂၁ ရက်နေ့ကစပြီးတော့ YBS ခရီးသည်တင်ဘတ်စ်ကားလိုင်းတွေမှာ ငွေပေးချေစနစ်ဖြစ်တဲ့ YPS (Yangon Payment Services) စတင် အသုံးပြုခဲ့ကြတာဖြစ်ပေမယ့် တွင်တွင်ကျယ်ကျယ် မဖြစ်သေးတာကြောင့် YRTC အနေနဲ့ ပြီးခဲ့တဲ့ ရက်က Asia Starmar ကုမ္ပဏီ၊ လူထုမိတ်ဆွေယာဉ်လိုင်းအများနှင့် သက်ဆိုင်သောကုမ္ပဏီ ၊ GYCT Public ကုမ္ပဏီ ၊ IGE ကုမ္ပဏီ ၊ UAB Bank စတာတွေနဲ့ ဆွေးနွေးနေကြပါတယ်။

 

လက်ရှိမှာ YPS ကတ် တပ်ဆင်ထားတဲ့ ယာဉ်လိုင်းကုမ္ပဏီ ၅ ခုရှိပြီး YPS ကတ်အသုံးပြုနိုင်တဲ့ ယာဉ်စီးရေ ၁,၉၀၂ စီးရှိပြီလို့ YRTC က သိရပါတယ်။

 

ymg/hm
#Yangon_Media_Group