#Local_News
Published-26 Oct 2023

ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ခရီးသည်ယာဉ်များအသုံးပြုရန် Telematics စနစ်အတွက် ပြည်တွင်းကုမ္ပဏီများကို တင်ဒါခေါ်ယူသွားမည်ဖြစ်‌ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ကြေညာချက်အရသိရသည်။

 

အဆိုပါ အမြန်လမ်းမကြီးတစ်လျှောက်တွင် မော်တော်ယာဉ်များ သွားလာနေမှုကို Command Centre မှ ထိန်းချုပ်သည့် (Telematics) စနစ်ကို အသုံးပြုသွားမည်ဖြစ်သောကြောင့် မြန်မာနိုင်ငံသား တိုင်းရင်းသားလုပ်ငန်းရှင် ပုဂ္ဂလိကကုမ္ပဏီများအား တင်ဒါခေါ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

 

ထို့သို့တင်ဒါ‌ ခေါ်ယူရခြင်းမှာ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် သွားလာလျက်ရှိသော ခရီးသည်တင်မော်တော်ယာဉ်များ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် အဓိကရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ပြီး အဓိကထိန်းချုပ်ရေး အချက်အလက်များကို ဆောက်လုပ်ရေးဝန်ကြီးဌာနတွင်လည်းကောင်း၊ အမြန်လမ်းထိန်းချုပ်ရေးရုံးခန်းအား ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် (၂၀၁/၅ နှင့် ၂၀၁/၆) ကြားရှိ စီလမ်းဆုံတွင်လည်းကောင်း တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ထို့အပြင်တင်ဒါတင်သွင်းမည့် ကုမ္ပဏီများအနေဖြင့် ညွှန်ကြားရေးမှူး(မြို့ပြ)ရုံး၊ အမြန်လမ်းကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့၊ နေပြည်တော်၊ စီလမ်းဆုံသို့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက် ညနေ ၄ နာရီ နောက်ဆုံးထား၍ ပေးပို့ရမည်ဖြစ်ကြောင်း၊ တင်ဒါလျှောက်ထားမည့် ကုမ္မဏီများအနေဖြင့် ကုမ္ပဏီမှတ်ပုံတင်မိတ္တူ၊ ကုမ္ပဏီ Profile၊ အသုံးပြုမည့် Telematics စနစ်၏ နိုင်ငံတကာဝန်ဆောင်မှုအတွေ့အကြုံ အနည်းဆုံး ၅ နှစ်နှင့်အထက်၊ နိုင်ငံတကာအသိအမှတ်ပြုလက်မှတ်၊ မြန်မာနိုင်ငံတွင် စမ်းသပ်ထားသော နမူနာမှတ်တမ်းများ၊ အသုံးပြုမည့်ပစ္စည်းနမူနာ၊ စနစ်၏ လုပ်ဆောင်မှုအသေးစိတ် (မြန်မာ/အင်္ဂလိပ် နှစ်ဘာသာဖြင့်)၊ အလုံးစုံပါဝင်သည့် ဝန်ဆောင်မှုအဆိုပြုပုံစံ၊ ကုမ္ပဏီမှတပ်ဆင်သုံးစွဲမည့် ကိရိယာ (Devices) များ၏ ထုတ်လုပ်သည့် မူရင်းနိုင်ငံ (Country Origin)၊ ဈေးနှုန်းအဆိုပြုလွှာ (မြန်မာကျပ်‌ငွေဖြင့်) စသည့်အချက်များကို ပူးတွဲတင်ပြရမည်ဖြစ်ကြောင်း သိရသည်။

 

#Local_News #Telematicsစနစ် #တင်ဒါခေါ်ယူ #YMG/ NN #Yangon_Times