#Local_News
Published 19 July 2024

▪️ Taxi ယာဉ်၊ ကျောင်းကားနဲ့  ၂ တန်နှင့်အထက် အငှားယာဉ်များ အားလုံးသက်တမ်းတိုးရာတွင် ယာဉ်စစ်ဆေးခြင်းကို လာမည့် ဇူလိုင် ၂၂ ရက်မှစတင်၍ ပြန်လည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန(ကညန)၏ ထုတ်ပြန်ချက်အရ သိရသည်။

 

▪️ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနအနေဖြင့် Road Safety ဖြစ်စေရေး အရေးကြီးသည့် အများပြည်သူ သယ်ယူပို့ဆောင်ရေး ခရီးသည်တင်ယာဉ်များ၊ ယာဉ်မှန်/မမှန်စစ်ဆေးခြင်း၊ ပြောင်းလဲခြင်းများအတွက် ယာဉ်စစ်ဆေးခြင်း၊ နယ်ဝင်ယာဉ်များကို စစ်ဆေးခြင်းနှင့် အကျုံးဝင်သည့် ယာဉ်များကို ယာဉ်စစ်ဆေး၍ အခြားမော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်အားလုံးကို ယာဉ်စစ်ဆေးခြင်းမပြုဘဲ နှစ်လဲသက်တမ်းတိုးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ‌ ကြောင်းသိရသည်။

 

▪️ ယခုအခါ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်မှစ၍ အထက်ဖော်ပြပါ ယာဉ်စစ်ဆေးသည့်ယာဉ်များအပြင် Taxi ယာဉ်များအားလုံး၊ School Bus ယာဉ်များအားလုံး၊ ၂ တန်နှင့်အထက် အငှားယာဉ်များအားလုံး သက်တမ်းတိုး မှတ်ပုံတင်လုပ်ငန်းများ ဆောင်ရွက်ရာတွင် ယာဉ်စစ်ဆေးခြင်းကို ပြန်လည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။

 

▪️ ထို့အပြင် သက်တမ်းတိုးခြင်းအတွက် ခရီးလွန်ယာဉ်စစ်ဆေးခြင်းတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရုံးများ၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်ရုံး (မန္တလေးတောင်ပိုင်း)နှင့် (မန္တလေးမြောက်ပိုင်း) ရုံးများမှအပ ကျန်ရုံးများအားလုံးတွင် ယာဉ်ပြန်လည်စစ်ဆေးရမည့်ယာဉ်များအနက် သက်တမ်းတိုးယာဉ်များအတွက် ခရီးလွန်ယာဉ်စစ်ဆေးခြင်းအား ဆောင်ရွက်ခွင့်ပြုသွားမည်ဖြစ်‌ ကြောင်းသိရသည်။

 

▪️ လွိုင်ကော်၊ လားရှိုး၊ ကျောက်မဲ၊ မူဆယ်နှင့် ကော့ကရိတ်ရုံးများတွင် အခြားရုံးများမှ ယာဉ်များအား ခရီးလွန်ယာဉ်စစ်ဆေးခြင်းနှင့် ၎င်းရုံးများ၏ မှတ်ပုံတင်ယာဉ်များအား အခြားရုံးများ၌ ခရီးလွန်ယာဉ်စစ်ဆေးခြင်းတို့အား ဆောင်ရွက်ခွင့်မပြုကြောင်း ထုတ်ပြန်ချက်၌ဖော်ပြထားသည်။

 

▪️ ကိုယ်ပိုင်လူစီးမော်တော်ယာဉ်များ၊ ၂ တန်အောက်လုပ်ငန်းသုံးယာဉ်များ၊ မော်တော်ဆိုင်ကယ်များ၊ သုံးဘီးဆိုင်ကယ်နှင့် ထရော်လာဂျီယာဉ်များအားလုံးကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၃၀ ရက်ထိ ယာဉ်စစ်ဆေးခြင်း မပြုဘဲမှတ်တမ်းနှင့် တိုက်ဆိုင်စိစစ်၍ ယာဉ်စစ်ဆေးခြင်းကင်းလွတ်ဖြင့် ဆက်လက်သက်တမ်းတိုး ဆောင်ရွက်ပေးသွားမည်ဖြစ်‌ ကြောင်း၊မော်တော်ဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ်နှင့် ထရော်လာဂျီယာဉ်များ နယ်ဝင်/ နယ်ထွက် မှတ်ပုံတင်လုပ်ငန်း ဆောင်ရွက်ခြင်းများကို ယာဉ်စစ်ဆေးခြင်းကင်းလွတ်ဖြင့် ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

#YMG/NN #Yangon_Times