#LocalNews
Published - 24 March 2022

 

တရုတ်နိုင်ငံ Sonopharm Group နဲ့ ပူးပေါင်းပြီး မြန်မာနိုင်ငံတွင်းမှာ ကိုဗစ်ကာကွယ်ဆေးကို စတင်ထုတ်လုပ်နိုင်ပြီလို့ နစက က ကြေညာထားပါတယ်။

 

Myancopharm ကိုဗစ်ကာကွယ်ဆေးကို ရန်ကုန်မြို့ လှည်းကူးမြို့နယ်ရှိ ဆေးဝါးစက်ရုံခွဲ(ရွာသာကြီး)မှာ လစဉ် ကာကွယ်ဆေး Doeses တစ်သန်းနှုန်းနဲ့ လစဉ် ထုတ်လုပ်သွားမယ်လို့ နစက အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက ဆိုပါတယ်။

 

ဒါ့အပြင် ၂၀၂၂ - ၂၀၂၃ ခု ဘဏ္ဍာနှစ်အတွင်း ကာကွယ်ဆေး Doses ၁၀ သန်း ထုတ်လုပ်သွားမှာ ဖြစ်ပြီး ပြည်သူလူထုထံ ကာကွယ်ဆေးထိုးနှံတဲ့အစီစဉ်မှာ Myancopharm ကို ထည့်သွင်းအသုံးပြုသွားဖို့ စီစဉ်ထားတယ်လို့ မနေ့က ရန်ကုန်မှာကျင်းပတဲ့ Myancopharm ကိုဗစ်ကာကွယ်ဆေး စတင်ထုတ်လုပ်မှုနှင့် မိတ်ဆက်တဲ့အခမ်းအနားမှာ အခုလို ထည့်သွင်းပြောကြားလိုက်တာပါ။

 

ယခု Myancopharm ကိုဗစ်ကာကွယ်ဆေးထုတ်လုပ်မှုဆိုတာဟာ Sinopharm Group မှ ထုတ်လုပ်တဲ့ ကိုဗစ် ကာကွယ်ဆေးကို Ready to Fill Bulk အနေနဲ့ ဝယ်ယူပြီး ပုလင်းသွင်းဖြည့်တင်းတာ ဖြစ်ပါတယ်။

 

ပုလင်းသွင်းဖြည့်တင်းပြီး လုပ်ဆောင်တဲ့ နိုင်ငံတွေမှာ အာဆီယံဒေသတွင်းမှာ မြန်မာနိုင်ငံအပါအဝင် ငါးနိုင်ငံဆောင်ရွက်နိုင်ခဲ့ပြီး ကမ္ဘာပေါ်မှာ လေးနိုင်ငံလုပ်ဆောင်နိုင်ခဲ့တယ်လို့ သိရပါတယ်။

 

ယခု ထုတ်လုပ်ထားတဲ့ Myancopharm ကိုဗစ်ကာကွယ်ဆေးဟာ ဆေးပုလင်း တစ်လုံးကို လူငါးဦးစာ 5 Doeses ဖြစ်ပြီး အပူချိန် ( 2-8 ံC) အတွင်း ထားရှိဖို့လိုအပ်ပြီး ဆေးရဲ့ သက်တမ်းမှာ တစ်နှစ်ဖြစ်ပါတယ်။

 

“ Sinopharm Group နဲ့ မြန်မာနိုင်ငံရဲ့ Vaccine RTF Bulk ပူးပေါင်းထုတ်လုပ်မှုစက်ရုံဟာ Sinopharm Group က အာရှ-ပစိဖိတ်ဒေသရဲ့ ပထမဆုံး တရားဝင်ထုတ်လုပ်တဲ့ ကိုဗစ် ကာကွယ်ဆေးစက်ရုံဖြစ်ပါတယ်။ တရုတ်နိုင်ငံက မြန်မာနိုင်ငံ မြောက်ပိုင်းသို့ နောက်ထပ် ယွမ် ၁၀ ဒဿမ ၅ သန်း တန်ဖိုးရှိတဲ့ ကပ်ရောဂါတိုက်ဖျက်ရေးပစ္စည်းထောက်ပံ့ပေးပြီး နှစ်ဦးနှစ်ဖက် ထိရောက်စွာ အကောင်အထည်ဖော်နိုင်မယ်လို့ မျှော်လင့်ပါတယ်” လို့ သံအမတ်ကြီး Mr.Chen Hai က ပြောပါတယ်။

 

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးနဲ့ ယူနန်ပြည်နယ်အစိုးရက မြန်မာနိုင်ငံကို ကာကွယ်ဆေးထိုးအပ် ၃ သန်း အရေးပေါ်လှူဒါန်းသွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

 

မြန်မာနိုင်ငံမှာ တရုတ်နိုင်ငံ Sinopharm Groupနဲ့ မြန်မာနိုင်ငံ ပူးပေါင်းပြီး အသည်းရောင်အသားဝါဘီပိုး၊ တုပ်ကွေး ကာကွယ်ဆေးတို့ ထုတ်လုပ်ဖို့ကိုလည်း ဆွေးနွေးနေတယ်လို့ သိရပါတယ်။

 

ymg/ei
#Yangon_Media_Group