#Local_News
Published 23 October 2026

■ ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များ ကိုယ်တိုင်လယ်ယာထွန်ယက်ခြင်း၊ စိုက်ပျိုးခြင်းနှင့် ရိတ်သိမ်းခြင်းတို့ကို ပါဝင်လုပ်ဆောင်နိုင်မည့် စိုက်ပျိုးရေးအခြေပြု ခရီးသွားလုပ်ငန်းတစ်ခုအဖြစ် အကောင်အထည်ဖော်လျက်ရှိသည့် Kawt Ma Yan Resort ၏ တည်ဆောက်ရေးလုပ်ငန်းများမှာ ၉၅ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ပြီး မကြာမီဖွင့်လှစ်နိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

■ အဆိုပါအပန်းဖြေစခန်း တည်ဆောက်ရေးလုပ်ငန်းများကို ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများက အောက်တိုဘာ ၂၃ ရက် နံနက်ပိုင်းတွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

■ Kawt Ma Yan Resort သည် ဘားအံမြို့နယ်၊ တော်ပုံကျေးရွာအုပ်စု၊ ကော့မရမ်းကျေးရွာ၊ ကွင်းအမှတ် ၁၁၈၉၊ ကော့မရမ်းတောင်ခြေတွင်တည်ရှိပြီး ရာနှုန်းပြည့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဖြင့် အကောင်အထည်ဖော်နေခြင်းဖြစ်သည်။

■ စီမံကိန်းတွင် အမေရိကန်ဒေါ်လာ ၀ ဒသမ ၀၂၉၇၅ သန်းအပါအဝင် ငွေကျပ်သန်း ၅,၉၀၀ ရင်းနှီးမြှုပ်နှံထားပြီး စပါးစိုက်ခင်းများအတွင်း ဘန်ဂလို ၁၂ လုံးနှင့် သုံးခန်းတွဲ နှစ်ထပ်အဆောက်အအုံ သုံးလုံးတည်ဆောက်ထားကာ အိပ်ခန်းစုစုပေါင်း ၃၀ ခန်း ပါဝင်မည်ဖြစ်သည်။

■ အဆိုပါစီမံကိန်းကို ဒေသတွင်း အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ဒေသခံများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန်၊ ဆင်းရဲနွမ်းပါးမှု လျှော့ချနိုင်ရန်နှင့် စိုက်ပျိုးရေးလုပ်ငန်းများကို အခြေခံသည့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးလာစေရန် ရည်ရွယ်အကောင်အထည်ဖော်နေခြင်းဖြစ်သည်။

■ မြေဧရိယာ ၃ ဒသမ ၃၀ ဧကရှိသည့် အပန်းဖြေစခန်းတွင် တည်ဆောက်ရေးလုပ်ငန်းများအတွက် မြေဧရိယာ ၀ ဒသမ ၉၀ ဧကကို အသုံးပြုထားပြီး ကျန်ရှိသည့်မြေဧရိယာများကို နွေ၊ မိုး၊ ဆောင်း ရာသီအလိုက် စိုက်ပျိုးခြင်းနှင့် ရိတ်သိမ်းခြင်းများ ပြုလုပ်ရင်း အပန်းဖြေနိုင်မည့် စိုက်ခင်းများအဖြစ် ဖော်ဆောင်လျက်ရှိသည်။

■ ကွင်းဆင်းကြည့်ရှုစစ်ဆေးစဉ် Kawt Ma Yan Resort Co., Ltd. ၏ မန်နေဂျင်းဒါရိုက်တာ ဦးစိုင်းခမ်းလှိုင်က တည်ဆောက်ရေးလုပ်ငန်းများ ပြီးစီးမှုအခြေအနေနှင့် ဖွင့်လှစ်ပြီးပါက ခရီးသွားဧည့်သည်များ ပါဝင်ဆောင်ရွက်နိုင်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့သည်။

■ ခရီးသွားဧည့်သည်များအနေဖြင့် အပန်းဖြေစခန်းတွင် ကိုယ်တိုင်လယ်ယာထွန်ယက်ခြင်း၊ စိုက်ပျိုးခြင်း၊ ရိတ်သိမ်းခြင်းနှင့် စပါးခင်းများအကြား အနားယူအပန်းဖြေခြင်းတို့အပြင် ခြေလျင်တောင်တက်ခြင်း၊ စက်ဘီးစီးခြင်း၊ လှေလှော်ခြင်း စသည့် အပန်းဖြေလှုပ်ရှားမှုများကိုလည်း ပြုလုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

■ ပြည်နယ်ဝန်ကြီးချုပ်က အပန်းဖြေစခန်းကို နိုဝင်ဘာ ၇ ရက်တွင် ကျရောက်မည့် ကရင်ပြည်နယ်နေ့အမီ ဖွင့်လှစ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။

#YMG/SW #Yangon_Times