#Local_News
Published 29 October 2026
■ မြန်မာ့ရိုးရာယဉ်ကျေးမှုအနုပညာအမွေအနှစ်များကို မျိုးဆက်သစ်များထံ လက်ဆင့်ကမ်းထိန်းသိမ်းပြီး ရိုးရာအနှစ်သာရမပျောက်ပျက်စေရေးနှင့် ခေတ်မီဒီဂျစ်တယ်နည်းပညာများ အသုံးချကာ ရေရှည်ရှင်သန်ဖွံ့ဖြိုးရေး ကြိုးပမ်းကြရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က တိုက်တွန်းပြောကြားသည်။
■ ယနေ့အောက်တိုဘာ ၂၉ ရက် နံနက်ပိုင်းက နေပြည်တော်တွင် ကျင်းပသည့် (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
■ မြန်မာ့ရိုးရာယဉ်ကျေးမှုတွင် မဟာဂီတ၊ ခေတ်ဟောင်းကာလပေါ်တေးသီချင်း၊ မြန်မာ့မူဟန်အက၊ ရိုးရာတူရိယာ၊ ဇာတ်သဘင်နှင့် ရုပ်စုံသဘင်တို့သည် ခေတ်အဆက်ဆက် လက်ဆင့်ကမ်းလာသည့် အနုပညာအမွေအနှစ်များဖြစ်ကြောင်း၊ ယင်းအမွေအနှစ်များကို ထိန်းသိမ်းမြှင့်တင်ရန်နှင့် ဝါရင့်အနုပညာရှင်များ၏ အတတ်ပညာ၊ အတွေ့အကြုံများကို မျိုးဆက်သစ်များထံ လက်ဆင့်ကမ်းပေးရန်လိုအပ်ကြောင်း ၎င်းကပြောကြားသည်။
■ ယခုနှစ်ပြိုင်ပွဲတွင် ယခင်နှစ် မန္တလေးငလျင်ကြီးကြောင့် မကျင်းပနိုင်ခဲ့သည့် ပြိုင်ပွဲအမျိုးအစားအချို့အပါအဝင် ဝါသနာရှင်အဆင့်၊ ဇာတ်တော်ကြီးနှင့် ရုပ်စုံသဘင်အဖွဲ့လိုက်ပြိုင်ပွဲများကို ပြန်လည်ထည့်သွင်းကျင်းပနိုင်ခဲ့ကြောင်း၊ မျိုးဆက်သစ်လူငယ်များ၏ ပါဝင်ယှဉ်ပြိုင်မှုနှင့် ဆုရရှိမှု တိုးလာခြင်းသည် မြန်မာ့ရိုးရာအနုပညာအပေါ် စိတ်ဝင်စားမြတ်နိုးမှု တိုးတက်လာခြင်းဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။
■ ထို့ပြင် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများသည် အနုပညာယှဉ်ပြိုင်မှုသက်သက်မဟုတ်ဘဲ တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုများကို ဖော်ထုတ်ထိန်းသိမ်းပြီး မျိုးဆက်သစ်အနုပညာရှင်များအကြား ပေါင်းကူးဆက်သွယ်ပေးသည့် အခမ်းအနားများဖြစ်ကြောင်း၊ မိမိတို့၏ ယဉ်ကျေးမှုကို တန်ဖိုးထားသကဲ့သို့ အခြားတိုင်းရင်းသားများ၏ ယဉ်ကျေးမှုကိုလည်း အပြန်အလှန်လေးစားကာ ပြည်ထောင်စုစည်းလုံးညီညွတ်ရေးကို ပိုမိုခိုင်မာအောင်ဆောင်ရွက်ကြရန် တိုက်တွန်းခဲ့သည်။
■ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် သဘာဝသယံဇာတ၊ ခေတ်မီနည်းပညာနှင့် လူ့စွမ်းအားအရင်းအမြစ်များအပြင် အမျိုးသားယဉ်ကျေးမှုအခြေခံများ ခိုင်မာရေးသည်လည်း အရေးကြီးကြောင်း၊ လူငယ်များအနေဖြင့် မြန်မာ့သမိုင်းအစဉ်အလာ၊ ရိုးရာယဉ်ကျေးမှုနှင့် လူမှုကျင့်ဝတ်တန်ဖိုးများကို သိရှိနားလည်ပြီး အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်လိုသည့် စိတ်ဓာတ်များ ရှင်သန်ခိုင်မာလာစေရန် လိုအပ်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။
■ ဆုရရှိသည့် အနုပညာရှင်များအနေဖြင့် အနုပညာအရည်အသွေး ပိုမိုတိုးတက်လာစေရန် ဆက်လက်လေ့လာလေ့ကျင့်ကြရန်နှင့် ဆုမရရှိသေးသူများအနေဖြင့်လည်း ဇွဲလုံ့လမလျှော့ဘဲ ဆက်လက်ကြိုးပမ်းကြရန် သမ္မတက အားပေးတိုက်တွန်းခဲ့ပြီး ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ ရေရှည်ရှင်သန်ဖွံ့ဖြိုးရေးအတွက် အနုပညာရှင်များနှင့်တာဝန်ရှိသူများအားလုံး ပူးပေါင်းဆောင်ရွက်ကြရန် ပြောကြားခဲ့သည်။
#YMG/SW #Yangon_Times