#Local_News
Published 26 September 2026

■ ချမ်းမြေ့ရိပ်သာကျောင်းတိုက်၊ ဦးစီးပဓာနမဟာနာယက၊ နိုင်ငံတော်ဩဝါဒါစရိယ ချမ်းမြေ့ဆရာတော်ကြီး ဘဒ္ဒန္တ ဇနကာဘိဝံသ မဟာထေရ်မြတ်ကြီး၏ သရီရဓာတုပဝါဟန အရိုးပြာ ရေမျှောပူဇော်ပွဲကို စက် တင်ဘာလ ၂၆ ရက်၊ မနက်ပိုင်းကကျင်းပခဲ့ကြောင်းသိရသည်။

■ အဆိုပါအခမ်းအနားကို သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ဦးစွာဆရာတော်ကြီး၏ ကြွင်းကျန်ရစ်သည့် အရိုးဓာတ်ပြာတော်များကို ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ သုဝဏ္ဏဘုမ္မိကွင်းမှပင့်ဆောင်ကြကြောင်းသိရသည်။

■ ထို့နောက် သရီရ အရိုးဓာတ်ပြာတော်များကို ကရဝိက်ယာဉ်ပေါ်သို့ အစီအစဉ်အတိုင်း ပင့်ဆောင်ကာ ပန်းဆိုးတန်းဆိပ်ကမ်းသို့ရောက်ရှိပြီးနောက် သရီရအရိုးဓာတ်ပြာတော်များကို ရေယာဉ်ပေါ်သို့ ပင့်ဆောင်ခဲ့ပြီး ဆရာတော်ကြီး၏ အရိုးဓာတ်ပြာတော်များကို ရန်ကုန်မြစ်ထဲသို့ ရေမျှောပူဇော်ခဲ့ကြောင်းသိရသည်။

■ ထို့အပြင် နိုင်ငံတော်ဩဝါဒါစရိယ၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ချမ်းမြေ့ဆရာတော်ဘုရားကြီး၏အန္တိမအဂ္ဂိဈာပန သာဓုကီဠနသဘင်ကို စက်တင်ဘာလ ၂၅ ရက်နေ့တွင်နိုင်ငံ‌တော်အဆင့်အခမ်းအနားအဖြစ်ကျင်းပခဲ့ရာ ရဟန်းရှင်လူ တပည့်သား ၊ဒါယကာ၊ဒါယကာမများက သောင်းသောင်းဖြဖြလိုက်ပါ ပူဇော်ခဲ့ကြသည်။

■ ချမ်းမြေ့ဆရာတော်ဘုရားကြီးသည် သက်တော် ၉၉ နှစ်၊ သိက္ခာဝါတော် ၇၉ ဝါရှိကာ စက်တင်ဘာလ ၁၉ ရက် နံနက် ၁၁ နာရီ ၃ မိနစ်တွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ခြင်းဖြစ် ကြောင်းသိရသည်။

#YMG/NN #Yangon_Times