#Local_News
Published 9 September 2026

■ လက်ရှိနိုင်ငံစွမ်းအင်အခြေအနေများ တည်ငြိမ်စပြုလာပြီဖြစ်သည့်အတွက် မော်တော်ယာဉ်များကို စုံရက်၊ မရက်ခွဲခြား၍ မောင်းနှင်သုံးစွဲရသည့် စုံ/မ စနစ်အား ယနေ့ စက်တင်ဘာ ၉ ရက်မှစတင်၍ ပယ်ဖျက်လိုက်ပြီဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးက ပြောကြားသည်။

■ လက်ရှိဖြစ်ပေါ်နေသည့် ကမ္ဘာ့နိုင်ငံရေးအပြောင်းအလဲများနှင့် အရှေ့အလယ်ပိုင်းဒေသတွင်း စစ်ရေးပဋိပက္ခများကြောင့် နိုင်ငံ၏ စွမ်းအင်လုံခြုံရေးနှင့် စက်သုံးဆီချွေတာရေးအတွက် မော်တော်ယာဉ်သုံးစွဲမှုကို လျှော့ချနိုင်ရန် ရည်ရွယ်၍ ၂၀၂၆ ခုနှစ် မတ်လ ၇ ရက်မှစတင်ကာ စုံ/မ စနစ်ကို ကျင့်သုံးခဲ့ခြင်းဖြစ်သည်။

■ အဆိုပါစနစ် ကျင့်သုံးခြင်းဖြင့် စွမ်းအင်ချွေတာနိုင်ခဲ့သော်လည်း ပြည်သူများ၏ သွားလာရေးအခက်အခဲများ ဖြစ်ပေါ်ခဲ့သည်ကိုလည်း နားလည်ကြောင်းနှင့် စုံ/မ စနစ်အပေါ် ပြည်သူများ ပူးပေါင်းပါဝင်ပေးခဲ့သည့်အတွက် ကျေးဇူးတင်ရှိကြောင်း ဒေါက်တာခိုင်ခိုင်စိုးက ပြောသည်။

■ လက်ရှိတွင် နိုင်ငံ၏ စွမ်းအင်အခြေအနေများ တည်ငြိမ်စပြုလာပြီဖြစ်သည့်အတွက် နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူလူထု၏ အကျိုးစီးပွားကို ဦးထိပ်ထား၍ မော်တော်ယာဉ်များ စုံရက်၊ မရက်ခွဲခြားမောင်းနှင်ရသည့် စနစ်ကို ပယ်ဖျက်ပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

■ သို့သော် နိုင်ငံ၏ စွမ်းအင်လုံခြုံရေးနှင့် အများပြည်သူအကျိုးစီးပွားအတွက် မော်တော်ယာဉ်များ စက်သုံးဆီဖြည့်တင်းရာတွင် QR Code ဖြင့် စုံ/မ ခွဲခြားသည့် စနစ်ကိုမူ ဆက်လက်ထားရှိမည်ဖြစ်ကြောင်း သိရသည်။

#YMG/SW #Yangon_Times