#Local_News
Published 08 October 2026

■ မဟာဓာတ်အားလိုင်း၆၆ ကေဗွီလိုင်းအား ကလေးမြို့မှ တီးတိန်မြို့သို့ သွယ်တန်းပေးခြင်းကို
နယ်မြေအခြေအနေအရ လုပ်ငန်းဆောင်ရွက်နိုင်သည့်အခါ ကျန်ရှိပစ္စည်းများ အပြီးသတ်ဝယ်ယူခြင်းနှင့် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းအား ပြည်ထောင်စုရန်ပုံငွေဖြင့် ဆက်လက် လျာထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်ကပြောသည်။

■ ယမန် နေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ကျင်းပသည့် တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ၁၃ ရက်မြောက်နေ့၌ တီးတိန်မဲဆန္ဒနယ်မှ ဦးဆလိုင်းအောင်ပြည့်၏ မဟာဓာတ်အားလိုင်း ၆၆ ကေဗွီလိုင်းအား ကလေးမြို့မှ တီးတိန်မြို့သို့ သွယ်တန်းပေးနိုင်ရန် အစီအစဉ် ရှိ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်က အထက် ပါအတိုင်းထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

■ ထိုသို့ ပြောကြားရာတွင်လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်က လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် တီးတိန်မြို့အား မဟာဓာတ်အားလိုင်းစနစ်ဖြင့် ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေးအတွက် ၆၆ ကေဗွီကလေး-တီးတိန်-သိုင်းငင်း ဓာတ်အားလိုင်း မိုင် ၄၀ နှင့် ၆၆ ကေဗွီ ဓာတ်အားခွဲရုံ တည်ဆောက်ခြင်းလုပ်ငန်းအား ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၂၁ ရက်တွင် ဂျပန်နိုင်ငံ JICA (MY-P30) ချေးငွေစီမံကိန်းအသစ်တွင် ထည့်သွင်းလျာထားခဲ့သော်လည်း ချေးငွေစီမံကိန်းအသစ်မှာ အကောင်အထည်မဖော်နိုင်ဘဲ ဆိုင်းငံ့လျက်ရှိပါသဖြင့် ချင်းပြည်နယ်အစိုးရအဖွဲ့၏ ညှိနှိုင်းတောင်းဆိုမှုအရ တီးတိန်မြို့သို့ မဟာဓာတ်အားလိုင်းစနစ် အမြန်ဆုံးရောက်ရှိနိုင်စေရေးအတွက် ၆၆ ကေဗွီ ကလေး-သိုင်းငင်း-တီးတိန် ဓာတ်အားလိုင်း မိုင် ၄၀ တည်ဆောက်ခြင်းအစား လျှပ်စစ်ဓာတ်အားရောက်ရှိပြီးဖြစ်သည့် ၆၆ ကေဗွီ ဂန့်ဂေါ-ဟားခါး-ဖလမ်း-သိုင်းငင်း ဓာတ်အားလိုင်းမှ ဆက်လက်ချိတ်ဆက်၍ ၆၆ ကေဗွီ သိုင်းငင်း-တီးတိန် ဓာတ်အားလိုင်း ၁၆ ဒသမ ၃ မိုင်နှင့် ၆၆ ကေဗွီ တီးတိန်ဓာတ်အားခွဲရုံ တည်ဆောက်ခြင်းလုပ်ငန်းအား ၂၀၂၂-၂ဝ၂၃ ဘဏ္ဍာရေးနှစ်မှစတင်၍ လျာထားဆောင်ရွက်ခဲ့ပါကြောင်း ၎င်းက ဆိုသည်။
 
■ ၆၆ ကေဗွီဓာတ်အားလိုင်း ၁၆ ဒသမ ၃ မိုင် တည်ဆောက်ခြင်းအတွက် ပြည်ထောင်စုရန်ပုံငွေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ပထမအသုတ် တာဝါတိုင်များအား ငွေကျပ်သန်း ၁၂၉၂ ဒသမ ၉၂၀ ဖြင့်လည်းကောင်း၊ ၂၀၂၄-၂ဝ၂၅ ဘဏ္ဍာရေးနှစ်တွင် ဒုတိယအသုတ် တာဝါတိုင်များ၊ ၆၆/၁၁ ကေဗွီ ၁၀ အမ်ဗွီအေထရန်စဖော်မာနှင့် ဓာတ်အားခွဲရုံပစ္စည်းများအား ငွေကျပ် ၄၆၇၅ ဒသမ ၀၇၉ သန်းဖြင့်လည်းကောင်း စုစုပေါင်းငွေကျပ် ၅၉၆၇ ဒသမ ၉၉၉ သန်းဖြင့် တင်ဒါခေါ်ဝယ်ယူခဲ့သော်လည်း နယ်မြေအခြေအနေအရလုပ်ငန်းခွင်သို့ ပစ္စည်းပေးပို့နိုင်မှု မရှိသေးသဖြင့် နေပြည်တော်၊ ဌာနစတိုတွင်ပစ္စည်းများအား စုဆောင်းသိမ်းဆည်းထားရှိပြီး တည်ဆောက်ရေးလုပ်ငန်းများ လျာထားဆောင်ရွက်ခြင်းအား ရပ်နားထားခဲ့ပါကြောင်း ‌ဆက်လက်ပြောကြားသည်။
 
■ ကျန်ရှိသည့် တတိယအသုတ်တာဝါတိုင်နှင့် ဆက်စပ်ပစ္စည်းများ၊ ဓာတ်အားခွဲရုံ ဆက်စပ်ပစ္စည်းများနှင့် ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံ မြို့ပြနှင့်လျှပ်စစ်ပိုင်းဆိုင်ရာ တည်ဆောက်စရိတ်များအတွက် ငွေကျပ် ၆၂၆၆ ဒသမ ၀၂၃ သန်းအား ထပ်မံလျာထားဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပြီး လတ်တလော နယ်မြေအခြေအနေအရ ပစ္စည်းများပို့ဆောင်ခြင်းနှင့် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းအား ဆက်လက်လျာထားဆောင်ရွက်နိုင်ခြင်း မရှိပါသဖြင့် နယ်မြေအခြေအနေအရ လုပ်ငန်းဆောင်ရွက်နိုင်သည့်အခါ ကျန်ရှိပစ္စည်းများ အပြီးသတ်ဝယ်ယူခြင်းနှင့် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းအား ပြည်ထောင်စုရန်ပုံငွေဖြင့် ဆက်လက်လျာထားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ကြောင်းသိရသည်။

#YMG/NN #Yangon_Times