#Local_News
Published 5 August 2026

■ ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့တွင် ကျင်းပသည့် (၅)နှစ်ပြည့် နိုင်ငံတကာပို့ဆောင်ရေး ထိပ်သီးအစည်းအဝေး-၂၀၂၆ (5th Anniversary International Transport Summit-2026) ၌ မြန်မာနိုင်ငံ၏ နေပြည်တော်နှင့် ရန်ကုန်မြို့အပါအဝင် နိုင်ငံတကာမြို့ ၁၉ မြို့သည် မော်စကိုမြို့နှင့် သယ်ယူပို့ဆောင်ရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ လျှောက်ထားလွှာ (Application of Transport Cooperation) ကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

■ အဆိုပါ ဖွင့်ပွဲအခမ်းအနားကို ဩဂုတ် ၄ ရက် နံနက်ပိုင်းက မော်စကိုမြို့ရှိ The Carlton Hotel Ballroom တွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံဘက်မှ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးမျိုးမြင့်အောင်တို့က ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့အစိုးရ ဒုတိယမြို့တော်ဝန်နှင့် သယ်ယူပို့ဆောင်ရေးနှင့် လမ်းအခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးဌာန အကြီးအကဲ မစ္စတာ မက်စင်မ် လစ်ကဆူတော့နှင့်အတူ လက်မှတ်ရေးထိုးခဲ့ကြ‌ေကြာင်းသိရသည်။

■ ထို့ပြင် အိန္ဒိယ၊ ဂါနာ၊ တူရကီ၊ ဘရာဇီး၊ လက်ဘနွန်၊ ဆားဘီးယား၊ သီရိလင်္ကာ၊ တန်ဇန်းနီးယား၊ နီကာရာဂွာ၊ ဥရုဂွေး၊ အီကွေဒေါနှင့် ရုရှားနိုင်ငံ ဗလာဒီဗော့စတော့ခ်မြို့တို့အပါအဝင် နိုင်ငံတကာမြို့များလည်း မော်စကိုမြို့နှင့် သယ်ယူပို့ဆောင်ရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ လျှောက်ထားလွှာကို အသီးသီးလက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

■ (၅)နှစ်ပြည့် နိုင်ငံတကာပို့ဆောင်ရေး ထိပ်သီးအစည်းအဝေး-၂၀၂၆ ကို ဩဂုတ် ၂ ရက်မှ ၆ ရက်အထိ ကျင်းပလျက်ရှိပြီး ယင်းထိပ်သီးအစည်းအဝေးကို မိတ်ဖက်မြို့ပြများအကြား သယ်ယူပို့ဆောင်ရေးစနစ်များ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး၊ ဒီဂျစ်တယ်နည်းပညာဆိုင်ရာ တီထွင်ဆန်းသစ်မှုများ အပြန်အလှန်မျှဝေရေးနှင့် မြို့ပြသယ်ယူပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်ရေး ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

■ အစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်ဝန်၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြကြောင်းသိရသည်။

#YMG/SW #Yangon_Times