#Local_News
Published 18 August 2026

■ ရှေးဟောင်းဝတ္ထုပစ္စည်းများ ရေရှည်တည်တံ့ခိုင်မြဲစေရန်၊ ထိန်းသိမ်းကာကွယ်စောင့်ရှောက် နိုင်ရန်နှင့် တရားမဝင်ရောင်းဝယ်ဖောက်ကားမှုများမှ တစ်ဆင့် ပြည်ပနိုင်ငံများသို့ မရောက်ရှိစေရေး ရည်ရွယ်၍ ရှေးဟောင်းဝတ္ထုပစ္စည်းအပ်နှံခြင်းအတွက် ဆုကြေးငွေနှုန်းထားများ တိုးမြှင့်ပေးနိုင်ရေးကို စီစဉ်ဆောင်ရွက်နေကြောင်း ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနမှသိရသည်။

■ အဆိုပါ ရှေးဟောင်းဝတ္ထုပစ္စည်းအပ်နှံခြင်းအတွက် ဆုကြေးငွေနှုန်းထားတိုးမြှင့်ပေးနိုင်ရေး ညှိနှိုင်းအစည်းအဝေးပွဲကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ရန်ကုန်ဌာနခွဲ၌ဩဂုတ်လ (၁၇)ရက်နေ့ ကကျင်းပပြုလုပ်ခဲ့ရာ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဦးလွင်၊ ရှေးဟောင်းသုတေသန အကြံပေးပညာရှင်များနှင့်ဌာနမှအရာထမ်း၊ အမှုထမ်းများတက်ရောက်ဆွေးနွေးခဲ့ကြသည်။

■ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနအနေဖြင့် ရှေးဟောင်းဝတ္ထုပစ္စည်းများ အပ်နှံရာတွင် မူလတန်ဖိုး၊ ခေတ်ကာလတန်ဖိုး၊ ခေတ်လက်ရာတန်ဖိုးများအလိုက် ဆုကြေးငွေများ ပေးအပ်လျက်ရှိရာ ယခင်ဆုကြေးငွေနှုန်းထားများသည် ခေတ်ကာလနှင့် လျော်ညီမှုမရှိတော့ပါသဖြင့် ခေတ်ကာလနှင့်လျော်ညီသည့် ဆုကြေးငွေနှုန်းထားတိုးမြှင့် ပြန်လည်ပြင်ဆင်သတ်မှတ်နိုင်ရေး ဆွေးနွေးဆောင်ရွက်ခဲ့ကြသည်။

■ ထို့အပြင် ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်၊ ပျူခေတ်နှင့် ခေတ်ပြိုင်များ၊ ပုဂံခေတ်၊ ပင်းယခေတ်၊ အင်းဝခေတ်၊ ညောင်ရမ်းခေတ်၊ ဟံသာဝတီခေတ်၊ မြောက်ဦးခေတ်၊ ကုန်းဘောင်ခေတ်နှင့် ကိုလိုနီခေတ် ရှေးဟောင်းဝတ္ထုပစ္စည်းများကို ပစ္စည်းအမျိုးအစားအလိုက် ခွဲခြား၍ ယခင်ဆုချီးမြှင့်ခဲ့သည့် မူလတန်ဖိုး၊ ခေတ်ကာလတန်ဖိုး၊ ခေတ်လက်ရာတန်ဖိုးများအပြင် ထပ်ဆောင်းတန်ဖိုးနှင့်ရှားပါးအနုပညာလက်ရာတန်ဖိုးများပါထပ်ဆောင်းချီးမြှင့်ပေးနိုင်ရေး ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

■ သို့ဖြစ်ပါ၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူများအနဖြင့် မိမိတို့၏ ပတ်ဝန်းကျင်၊ လယ်ယာမြေ (သို့မဟုတ်) ရှာဖွေတွေ့ရှိထားသောပစ္စည်းများနှင့် ဝါသနာအလျောက်စုဆောင်းထိန်းသိမ်းထားရှိသည့် ရှေးဟောင်းဝတ္ထုပစ္စည်းများရှိပါက သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနသို့ အချိန်မီ ဆက်သွယ် အပ်နှံကြရန်နှင့်မိမိတို့၏အဖိုးတန်မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များကို အမျိုးသားရေးတာဝန်တစ်ရပ်နေဖြင့် ပူးပေါင်းပါဝင်ထိန်းသိမ်းကာကွယ်စောင့်ရှောက်သွားရန် တိုက်တွန်းနှိုးဆော်ထားကြောင်းသိရသည်။

#YMG/NN #Yangon_Times