#Local_News
Published 28 September 2026

■ ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းနှင့် မြန်မာနိုင်ငံ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတို့တွင် ဖြစ်ပေါ်နေသည့် အားကောင်းသောလေဖိအားနည်းရပ်ဝန်းသည် ယနေ့ စက်တင်ဘာ ၂၈ ရက် မြန်မာစံတော်ချိန် မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်တွင် မုန်တိုင်းငယ် (Depression) အဖြစ်သို့ ရောက်ရှိလာပြီး အနီရောင်အဆင့် သတ်မှတ်ထားကြောင်းမိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

■ မိုးလေဝသနှင့် ဇလဗေဒဆိုင်ရာ တိုင်းထွာချက်များအရ အဆိုပါမုန်တိုင်းငယ်သည် မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနေပြီး မော်လမြိုင်မြို့၏ တောင်ဘက် ရေမိုင် ၅၀ ခန့်၊ သုံးခွမြို့၏ အရှေ့တောင်ဘက် ရေမိုင် ၉၅ ခန့်နှင့် ပဲခူးမြို့၏ တောင်-အရှေ့တောင်ဘက် ရေမိုင် ၁၂၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသည်။

■ စက်တင်ဘာ ၂၈ ရက် မြန်မာစံတော်ချိန် ၁၂ နာရီ ၃၀ မိနစ် တိုင်းထွာချက်အရ မုန်တိုင်းငယ်သည် မြောက်လတ္တီကျု ၁၅.၆ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု ၉၇.၆ ဒီဂရီတွင် တည်ရှိပြီး ဗဟိုချက်လေဖိအားမှာ ၁၀၀၂ ဟက်တိုပါစကယ်ရှိကာ အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီ ၃၅ မိုင်ခန့်ရှိသည်။

■ အဆိုပါမုန်တိုင်းငယ်သည် မြန်မာနိုင်ငံ၊ မုတ္တမကွေ့အနီးမှ ဖြတ်ကျော်နိုင်သည့် အခြေအနေရှိသဖြင့် လက်ရှိအခြေအနေကို အနီရောင်အဆင့်အဖြစ် သတ်မှတ်ထားခြင်းဖြစ်သည်။

■ မုန်တိုင်းငယ်သည် နောက် ၁၂ နာရီအတွင်း ပိုမိုအားကောင်းလာကာ အားကောင်းသောမုန်တိုင်းငယ် (Deep Depression) အဖြစ် ရောက်ရှိနိုင်ပြီး ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နှင့် မွန်ပြည်နယ် ကျိုက်ထိုမြို့တို့အကြားမှ ဖြတ်ကျော်နိုင်ကြောင်း ခန့်မှန်းထားသည်။

■ ထို့နောက် နောက် ၃၆ နာရီအတွင်း မြောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့ကို ဆက်လက်ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းထားသည်။

■ မုန်တိုင်းငယ်၏ အရှိန်ကြောင့် စက်တင်ဘာ ၂၈ ရက် မွန်းလွဲပိုင်းမှ စက်တင်ဘာ ၃၀ ရက်အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း)တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ပြီး ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သိရသည်။

■ မြစ်ဝကျွန်းပေါ်ဒေသ၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်နိုင်ပြီး လှိုင်းကြီးနိုင်သည်။

■ မိုးသက်လေပြင်းကျရောက်ချိန်တွင် ရေပြင်နှင့် မြေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင်မှ မိုင် ၄၀ အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ ၁၀ ပေမှ ၁၂ ပေခန့်အထိ ရှိနိုင်သည်။

■ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင်လည်း တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်နိုင်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်သည်။

■ မိုးသက်လေပြင်းကျရောက်ချိန်တွင် ရေပြင်နှင့် မြေပြင်လေသည် တစ်နာရီလျှင် ၂၅ မိုင်မှ မိုင် ၃၀ အထိ တိုက်ခတ်နိုင်ကာ လှိုင်းအမြင့်မှာ ၈ ပေမှ ၁၀ ပေခန့် ရှိနိုင်သည်။

■ မုန်တိုင်းငယ်၏ အရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးရေလျှံခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်သဖြင့် မြစ်ဝကျွန်းပေါ်ဒေသ၊ မုတ္တမကွေ့နှင့် ကမ်းရိုးတန်းဒေသများတွင် နေထိုင်သူများအနေဖြင့် မိုးသည်းထန်စွာရွာသွန်းခြင်း၊ မိုးသက်လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးရေလျှံမှုများကို ကြိုတင်သတိပြုရန် လိုအပ်ကြောင်း အသိပေးထားသည်။

■ ထို့အပြင် ပြည်တွင်းလေကြောင်းပျံသန်းရေးလုပ်ငန်းများ၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များနှင့် သင်္ဘောများအနေဖြင့်လည်း မုန်တိုင်းငယ်၏ အရှိန်ကြောင့် ဖြစ်ပေါ်နိုင်သည့် မိုးသက်လေပြင်းနှင့် လှိုင်းကြီးမှုများကို ကြိုတင်သတိပြုရှောင်ရှားကြရန် အသိပေးနှိုးဆော်ထားသည်။

#YMG/SW #Yangon_Times