#Local_News
Published 22 September 2026

■ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ ဆေးတက္ကသိုလ်များ၊ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်များသို့ စက်တင်ဘာ ၂၈ ရက်မှ အောက်တိုဘာ ၁၆ ရက်အထိ ဝင်ခွင့်လျှောက်ထားနိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက အသိပေးထားသည်။

■ ပထမဦးစားပေးအဖြစ် ဆေးတက္ကသိုလ်များ၊ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်များသို့ လျှောက်ထားလိုသူများသည် တက္ကသိုလ်ဝင်ခွင့်စိစစ်ရွေးချယ်ရေးအဖွဲ့က ထုတ်ပေးသည့် တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာစာအိတ်ဖြင့် လျှောက်ထားရမည်ဖြစ်‌ေကြာင်း သိရသည်။

■ ဆေးတက္ကသိုလ်များနှင့် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များအတွက် လျှောက်လွှာများကို ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန (နေပြည်တော်)၊ ဆေးတက္ကသိုလ်(၁) ရန်ကုန်၊ ဆေးတက္ကသိုလ်(၂) ရန်ကုန်၊ ဆေးတက္ကသိုလ် မန္တလေး၊ ဆေးတက္ကသိုလ် မကွေး၊ ဆေးတက္ကသိုလ် တောင်ကြီး၊ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် (ရန်ကုန်) နှင့် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် (မန္တလေး) စသည့် လက်ခံမည့်နေရာ ၈ ခုအနက် တစ်ခုခုသို့ တိုက်ရိုက်ပေးပို့လျှောက်ထားရမည်ဖြစ်‌ေကြာင်းသိရသည်။

■ ဆေးဝါးတက္ကသိုလ်၊ ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်၊ သူနာပြုတက္ကသိုလ်နှင့် အခြေခံကျန်းမာရေးတက္ကသိုလ်များသို့ ပထမဦးစားပေး လျှောက်ထားသူများမှာ သတ်မှတ်ထားသည့် ပညာရေးဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ်များသို့ လျှောက်လွှာစာအိတ် ပေးပို့လျှောက်ထားရမည်ဖြစ်‌ေကြာင်း သိရသည်။

■ ဝင်ခွင့်ရွေးချယ်မှုကို တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်စာအုပ်တွင် ဖော်ပြထားသည့် သတ်မှတ်ချက်များအတိုင်း ဆောင်ရွက်မည်ဖြစ်သဖြင့် လျှောက်ထားသူများအနေဖြင့် လမ်းညွှန်စာအုပ်ကို သေချာဖတ်ရှုပြီး လျှောက်ထားရန်လိုကြောင်း သိရသည်။

■ တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာစာအိတ်များကို စက်တင်ဘာ ၂၈ ရက်မှ အောက်တိုဘာ ၁၆ ရက်အထိ စနေနေ့၊ တနင်္ဂနွေနေ့နှင့် ရုံးပိတ်ရက်များအပါအဝင် ပိတ်ရက်မရှိ လက်ခံပေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက အသိပေးထားသည်။

#YMG/SW #Yangon_Times