#Local_News
Published 23 September 2026

■ မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်က ကြီးမှူးကျင်းပသည့် မြင်းစီးအားကစားပြိုင်ပွဲများတွင် ဒုန်း (Racing) ပြိုင်ပွဲများ ထည့်သွင်းကျင်းပခွင့်မပြုကြောင်း ထပ်မံထုတ်ပြန်အသိပေးကြေညာထားသည်။

■ မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်သည် နိုင်ငံတကာမြင်းစီးအားကစားအဖွဲ့ချုပ် (FEI) ၏ သတ်မှတ်ထားသော အိုလံပစ်အားကစားနည်းများတွင်ပါဝင်သည့် မြင်းစီးအားကစားနည်းများ (Disciplines) များကို မဏ္ဍိုင်ပြုကာ ပြည်တွင်း၌ သင်တန်းများ၊ ပြိုင်ပွဲများကျင်းပကာ နိုင်ငံတကာ ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခြင်းဖြင့် နိုင်ငံ၏ပုံရိပ်တိုးတက်ကောင်းမွန်စေရန်ရည်ရွယ်ပြီးဆောင်ရွက်လျက်ရှိကြောင်း ၊ တစ်ချိန်တည်းမှာပင် မြန်မာနိုင်ငံ၏ မိရိုးဖလာရိုးရာမြင်းစီးအားကစားနည်းများ မတိမ်ကောစေရန်အတွက် မြန်မာ့ရိုးရာမြင်းစီးအားကစားကော်မတီကိုဖွဲ့စည်းကာ အဖွဲ့ချုပ်အတိုင်းအတာဖြင့် ၂၀၂၄ခုနှစ် ပြည်ထောင်စုနေ့၊ ၂၀၂၅ ခုနှစ် ပြည်ထောင်စုနေ့ အထိမ်းအမှတ်ပြိုင်ပွဲများကျင်းပရာတွင် ထည့်သွင်းပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် ရိုးရာမြင်းစီးအားကစားတံခွန်စိုက်ဖလားချီးမြှင့်ခြင်း အစီအစဉ်ကိုပြုလုပ်ခဲ့ကြောင်း ဖော်ပြထားသည်။

■ ထိုသို့ ရိုးရာမြင်းစီးအားကစားပြိုင်ပွဲများခေါင်းစဉ်အောက်တွင် မြန်မာ့ရိုးရာမြင်းစီးအားကစား နည်းမဟုတ်သော ကိုလိုနီခေတ်အမွေဆိုးတစ်ခုဖြစ်သည့် ဒုန်း (Racing) ကို ထည့်သွင်းလိုကြောင်း စနစ်တကျစည်းကမ်းသေဝပ်စွာ လုပ်ကိုင်ပါမည့်အကြောင်း လူတစ်စုတစ်ဖွဲ့မှ မြန်မာ့ရိုးရာမြင်းစီး အားကစားကော်မတီကတဆင့် အကြိမ်ကြိမ်တင်ပြခဲ့ကြောင်း ယင်းသို့တင်ပြချက်များကြောင့် ၂၀၂၄ ခုနှစ်နှင့် ၂၀၂၅ ခုနှစ် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြင်းစီးအားကစားပြိုင်ပွဲများတွင်လည်းကောင်း၊ ၂၀၂၅ ခုနှစ် ဧရာဝတီတိုင်းဒေသကြီး မြင်းစီးအားကစားပြိုင်ပွဲများတွင်လည်းကောင်း ဒုန်း ပြိုင်ပွဲကိုထည့်သွင်း ကျင်းပရန်ခွင့်ပြုပေးခဲ့ကြောင်းသိရသည်။

■ အဆိုပါကဲ့သို့ ဒုန်း ပြိုင်ပွဲကိုထည့်သွင်းကျင်းပခဲ့သည့်ပြိုင်ပွဲတိုင်းတွင် တရားမဝင်လောင်းကစားခြင်း များကို ပြုလုပ်ခဲ့ကြရာက ခိုက်ရန်ဖြစ်ပွားခြင်း ဒုတ်တပြက်ဓါးတပြက်ကြောင့် ထိခိုက်ဒဏ်ရာများရရှိခြင်းတို့ကြောင့် မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်က ဖြေရှင်းပေးရခြင်း၊ လူမှုကွန်ယက်များပေါ်တွင် ပေါ်ပေါ်ထင်ထင်လောင်း ကစားပြုလုပ်သည့် အကြောင်းအရာများကိုဖြန့်ဝေခြင်းစသည့် စည်းပျက်ကမ်းပျက်ကိစ္စများစွာ ပေါ်ပေါက်ခဲ့ကြောင်း ၊ အထူးသဖြင့် မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်၏ ခေါင်းစဉ်အောက်မှ ယခုလို ဒုန်းပြိုင်ပွဲများကျင်းပပြီး လောင်းကစားကိစ္စရပ်များကိုပြုလုပ်နေသည့်အတွက် အဖွဲ့ချုပ်သည်လည်း အလိုတူ အလိုပါသွယ်ဝိုက်သောနည်းလမ်းဖြင့် တရားမဝင် ဝင်ငွေရှာနေသည်ဟု အများပြည်သူနှင့် ဒေသ ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများ၏ အထင်အမြင်မှားမှုကိုခံရနိုင်ကြောင်း ဖော်ပြထားသည်။

■ နိုင်ငံတကာမြင်းစီးအားကစားအဖွဲ့ချုပ် (FEI) အသိအမှတ်ပြု မြင်းစီးအားကစားနည်းများတွင်လည်းမပါသကဲ့သို့ မြန်မာ့ရိုးရာမြင်းစီးအားကစားနည်းများတွင်လည်းမပါရှိသည့် ကိုလိုနီခေတ်၏ အမွေဆိုးလောင်းကစားနည်းတစ်ခုဖြစ်သည့် ဒုန်းပြိုင်ပွဲ (Racing) ကို နောက်နောင် မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်ကကျင်းပသည့် မည်သည့်ပြိုင်ပွဲများတွင်မျှ ထည့်သွင်းကျင်းပခြင်း ပြုလုပ်မည်မဟုတ်ကြောင်း ထပ်မံအသိပေးထားကြောင်း သိရသည်။

#YMG/NN #Yangon_Times