#Local_News
Published 20 November 2026

■ ရန်ကုန်စီးပွားရေးတက္ကသိုလ်(ရွာသာကြီး)၌ ဘွဲ့နှင်းသဘင်ခန်းမ (ဘက်စုံသုံးခန်းမ)နှင့် အပန်းဖြေရိပ်သာ (Recreation Centre) တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ စံချိန်စံညွှန်းများနှင့်အညီ အရည်အသွေးပြည့်မီစွာလိုအပ်ကြောင်းပညာရေး၀န်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမောင်သိန်းကပြောသည်။
 
■ အဆိုပါ တည်ဆောက်ရေးလုပ်ငန်းများ စံချိန်စံညွှန်းများနှင့်အညီ အရည်အသွေးပြည့်မီကောင်းမွန်စွာဖြင့် သတ်မှတ်ထားသည့်ကာလအတွင်း အချိန်မီပြီးမြောက်စေရေး ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ကျောင်းဖွင့်ရက်မတိုင်မီ ကျောင်းဥပဓိရုပ်ကောင်းမွန်စေရေး၊ စာသင်ဆောင်များ၊ စာသင်ခုံများသန့်ရှင်းသပ်ရပ်စေရေး၊ တက္ကသိုလ်ပရဝဏ်အတွင်း စိမ်းလန်းစိုပြည်ရေးနှင့် သန့်ရှင်းသာယာ လှပရေးကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိကြစေလိုကြောင်း ပညာရေး၀န်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမောင်သိန်းက ယမန်နေ့နံနက်ပိုင်းကသွားရောက်ကြည့်ရှုစစ်ဆေးစဉ် တိုက်တွန်းပြောကြားသည်။
 
■ ဆက်လက်၍ ရန်ကုန်စီးပွားရေးတက္ကသိုလ်(ရွာသာကြီး)ရှိ အစည်းအဝေးခန်းမတွင် ဆရာအတတ်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ပါမောက္ခချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ ဆရာ ဆရာမများနှင့်တွေ့ဆုံရာ ရန်ကုန်စီးပွားရေး တက္ကသိုလ်ပါမောက္ခချုပ်က တက္ကသိုလ်၏ သမိုင်းကြောင်း၊ ဖွင့်လှစ်သင်ကြား ပို့ချလျက်ရှိသည့် သင်တန်းများ၊ တည်ဆောက်ရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးမှာကြားသည်။
 
■ ထို့ပြင် ဒဂုံတက္ကသိုလ်နှင့် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်တို့သို့ရောက်ရှိပြီး ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ ဆရာ ဆရာမများနှင့်တွေ့ဆုံ၍ အပန်းဖြေရိပ်သာ (Recreation Centre)ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ တက္ကသိုလ်မုခ်ဦး မိန်းလမ်းဘေးရှိ ရေဝပ်သောနေရာများတွင် မြေဖို့ဆောင်ရွက်နေမှုနှင့်ဝန်ထမ်းအိမ်ရာ တည်ဆောက်နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
 
#YMG/NN #Yangon_Times