#Local_News
Published 30 September 2026

■ မြန်မာ့လက်ရွေးစင် အမျိုးသား ယူ-၁၇ အသင်းသည် ၂၀၂၇ အာရှ ယူ-၁၇ ပြိုင်ပွဲ ခြေစစ်ပွဲအကြို ပြင်ဆင်မှုအဖြစ် အိန္ဒိယ အမျိုးသား ယူ-၁၇ အသင်းကို ဖိတ်ခေါ်ကာ ရန်ကုန်မြို့တွင် ခြေစမ်းပွဲနှစ်ပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်‌ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ အသိပေးထားသည်။

■ အဆိုပါ ခြေစမ်းပွဲများကို အောက်တိုဘာ ၄ ရက်နှင့် ၇ ရက်တို့တွင် ညနေ ၃:၃၀ နာရီ၌ သန်လျင်မြို့နယ်ရှိ Star City ကွင်း (Sunset Venue) တွင် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ပြီး
မြန်မာနှင့် အိန္ဒိယအမျိုးသား ယူ-၁၇ အသင်းနှစ်သင်းစလုံးသည် လာမည့်နိုဝင်ဘာလအတွင်း ကျင်းပမည့် ၂၀၂၇ AFC U-17 Asian Cup ခြေစစ်ပွဲအတွက် ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိသည့် အသင်းများဖြစ်သည်။ မြန်မာအသင်းသည် ၂၀၂၇ အာရှ ယူ-၁၇ ပြိုင်ပွဲ ခြေစစ်ပွဲ အုပ်စု (က)ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ပြီး အင်ဒိုနီးရှား၊ အာဖဂန်နစ္စတန်၊ ဖိလစ်ပိုင်နှင့် ကမ္ဘောဒီးယားအသင်းတို့နှင့် ကစားရမည်ဖြစ်ပြီး အိန္ဒိယအသင်းမှာ အုပ်စု (င) တွင် မလေးရှား၊ ပါလက်စတိုင်း၊ စင်ကာပူနှင့်ဂူအမ်အသင်းတို့နှင့်ကျရောက်နေကြောင်းသိရသည်။

■ မြန်မာ့လက်ရွေးစင် အမျိုးသား ယူ-၁၇ အသင်းကို ပြည်နယ်နှင့် တိုင်းဒေသကြီးများ၊ မြန်မာဘောလုံးအကယ်ဒမီများမှ ပဏာမကစားသမား ၂၉ ဦးဖြင့် ဖွဲ့စည်းထားပြီး ဂျပန်လူမျိုး နည်းပြချုပ် Mr. Keisuke Amano က တာဝန်ယူ ကိုင်တွယ်လျက်ရှိကာ အသင်းအနေဖြင့် ယခုနှစ် မြန်မာနေရှင်နယ်လိဂ် ယူ-၂၀ ပြိုင်ပွဲတွင်လည်း Galaxy FC အမည်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိကြောင်းသိရသည်။

#YMG/NN #Yangon_Times