#Local_News
Published 17 September 2026

■ မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်တွင် Online အသုံးပြု၍ ကျောက်မျက်ရတနာအတုများနှင့် အရည်အသွေးမကောင်းသော ကျောက်မျက်အချောထည်များကို လိမ်လည်ရောင်းချနေသည့် ပြည်ပနိုင်ငံသား ၁၁ ဦးနှင့် မြန်မာနိုင်ငံသား ၁၇ ဦး၊ စုစုပေါင်း ၂၈ ဦးတို့ကို သက်သေခံပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

■ မဟာအောင်မြေအရှေ့ရပ်ကွက်၊ လမ်း ၈၀၊ ၃၉ လမ်းနှင့် ၄၀ လမ်းကြားရှိ နေအိမ်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့သည်တာဝန်သိပြည်သူများ၏ သတင်းပေးတိုင်ကြားချက်အရစက်တင်ဘာ ၂ ရက် မနက်ပိုင်းတွင်ဝင်ရောက်ရှာဖွေခဲ့ရာ တရုတ်နိုင်ငံသား Mr. Chen Xiao Dai (ချိန်ရှောင်းတိုက်) ဦးဆောင်သည့် တရုတ်နိုင်ငံသား အမျိုးသား ၂ ဦး၊ အင်ဒိုနီးရှားနိုင်ငံသား အမျိုးသား ၂ ဦး၊ အမျိုးသမီး ၂ ဦး၊ မလေးရှားနိုင်ငံသား အမျိုးသား ၁ ဦးနှင့် မြန်မာနိုင်ငံသား အမျိုးသား ၆ ဦး၊ အမျိုးသမီး ၇ ဦး၊ စုစုပေါင်း ၂၀ ဦးကို ဖမ်းဆီးရမိခဲ့သည်။

■ အဆိုပါနေအိမ်မှ Online လိမ်လည်မှုလုပ်ငန်းတွင် အသုံးပြုသည်ဟု သိရသည့် Desktop Computer ၂၈ လုံး၊ Laptop Computer ၃ လုံး၊ Computer System Box ၂ လုံး၊ ဖုန်း ၈၁ လုံး၊ Tablet ၃ လုံးနှင့် ဆက်စပ်ပစ္စည်းများကိုလည်း သိမ်းဆည်းရမိခဲ့သည်။

■ ထို့နောက် စက်တင်ဘာ ၃ ရက် ညနေပိုင်းတွင် မဟာအောင်မြေမြို့နယ်၊ မဟာမြိုင် (၁) ရပ်ကွက်၊ ၆၈ လမ်းနှင့် ၁၀၁ လမ်းထောင့်ရှိ အင်ခွန်ခါးတောမ်၏ “မက်ဒါလီနမွန် (MagDalenamoom) ကျောက်မျက်ရတနာရောင်းဝယ်ရေး” နေအိမ်ကို ထပ်မံရှာဖွေခဲ့ရာ Online မှ ကျောက်မျက်ရတနာလိမ်လည်ရောင်းချမှုနှင့် ဆက်စပ်သူ မြန်မာနိုင်ငံသား အမျိုးသမီး ၃ ဦး၊ အမျိုးသား ၁ ဦးနှင့် တရုတ်နိုင်ငံသား အမျိုးသား ၄ ဦး၊ စုစုပေါင်း ၈ ဦးကို ဖမ်းဆီးရမိခဲ့သည်။

■ ထိုနေရာမှ ဖုန်းမျိုးစုံ ၄၉၈ လုံး၊ Tablet ၁ လုံး၊ XL အမျိုးအစား Laptop ၁ လုံး၊ Computer System Board ၅ လုံး၊ Computer Monitor ၁ လုံး၊ ကျောက်စိမ်းဟု ယူဆရသည့် လက်ကောက် ၁၅ ကွင်းနှင့် ဆက်စပ်ပစ္စည်းများကိုလည်း သိမ်းဆည်းရမိခဲ့ ကြောင်း၊ဖမ်းဆီးရမိသူ တရုတ်နိုင်ငံသား Chen Xiao Dai အား စစ်ဆေးရာ ၎င်းသည် အဆိုပါ လိမ်လည်မှုလုပ်ငန်းများကို ဦးဆောင်သူဖြစ်ပြီး Online လိမ်လည်မှုလုပ်ငန်းအတွက် အသုံးပြုမည့် ဖုန်းအလုံးရေ ၅၀၀ ခန့်ကို လာအိုနိုင်ငံနယ်စပ်မှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်သယ်ယူခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

■ ၎င်းတို့အဖွဲ့သည် မဟာအောင်မြေမြို့နယ်ရှိ သုံးထပ်တိုက်နှင့် အင်ခွန်ခါးတောမ်၏ ကျောက်မျက်အရောင်းဆိုင်တို့တွင် ကျောက်စိမ်းအချောထည်အတုများနှင့် အရည်အသွေးမကောင်းသည့် ကျောက်မျက်အချောထည်များကို ကြိုတင်ပြင်ဆင်ထားပြီး အရောင်တူကျောက် ၁၀ လုံးကို အိတ်များအတွင်းထည့်၍ အဖွဲ့ဝင်များက ကံစမ်းသည့်ပုံစံဖြင့် သရုပ်ဆောင်ကာ Live လွှင့်ပြီး ရောင်းချခဲ့ကြောင်း သိရသည်။

■ ယင်းနောက် ကံစမ်းမဲပေါက်သူများအား ကျောက်စိမ်းအကြမ်းထည်တစ်အိတ် လက်ဆောင်ရရှိသဖြင့် ပေးပို့ရန်အတွက် အခွန်အခပေးရမည်ဟု ပြောဆိုကာ ငွေကြေးလက်ခံရယူပြီးနောက် ဆက်သွယ်မှုကို Block ပြုလုပ်ခဲ့ကြောင်း သိရသည်။ လိမ်လည်ရရှိသည့် ငွေများကိုလည်း အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံရှိ ဘဏ်စာရင်းများသို့ တိုက်ရိုက်လွှဲပြောင်းပေးပို့စေခဲ့ကြောင်း စစ်ဆေးဖော်ထုတ်ချက်အရ သိရသည်။

■ အဆိုပါဖြစ်စဉ်တွင် Online အသုံးပြု၍ ကျောက်မျက်ရတနာအတုများနှင့် အရည်အသွေးမကောင်းသည့် အချောထည်များကို လိမ်လည်ရောင်းချသူ တရုတ်နိုင်ငံသား ၆ ဦး၊ မလေးရှားနိုင်ငံသား ၁ ဦး၊ အင်ဒိုနီးရှားနိုင်ငံသား ၄ ဦးနှင့် မြန်မာနိုင်ငံသား ၁၇ ဦး၊ စုစုပေါင်း ၂၈ ဦးတို့ကို ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

#YMG/NN #Yangon_Times