#Local_News
Published 16 July 2026
■ နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုနှင့် သုံးစွဲမှုကဏ္ဍတွင် နေရောင်ခြည်စွမ်းအင် (Solar Energy) အသုံးချမှု ပိုမိုတိုးမြှင့်နိုင်ရေး ရည်ရွယ်၍ နေရောင်ခြည်စွမ်းအင်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ဇူလိုင် ၁၅ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ Horizon Lake View Resort တွင် ကျင်းပခဲ့ကြောင်းသိရသည်။
■ အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့သည်။
■ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝ မြင့်မားရေးအတွက် လျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိရန် အရေးကြီးကြောင်း၊ လက်ရှိတွင် မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုသည် ရေအားလျှပ်စစ်နှင့် သဘာဝဓာတ်ငွေ့အရင်းအမြစ်များကို အဓိကအားထားနေရကြောင်း၊ ရာသီဥတုပြောင်းလဲမှုနှင့် ကမ္ဘာ့စွမ်းအင်ဈေးနှုန်း မတည်ငြိမ်မှုများကြောင့် စွမ်းအင်လုံခြုံရေးအတွက် ရေရှည်စီမံခန့်ခွဲမှုများ လိုအပ်လာကြောင်း ပြောကြားခဲ့သည်။
■ ထို့ပြင် ဝန်ကြီးဌာနအနေဖြင့် ပြည်တွင်းစွမ်းအင်အရင်းအမြစ်များကို အခြေခံသည့် သင့်လျော်သော လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုအချိုး (Generation Mix) ကို စီမံတွက်ချက်ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံသည် နေရောင်ခြည်စွမ်းအင် အရင်းအမြစ်ပေါများသည့် နိုင်ငံဖြစ်သည့်အပြင် စီမံကိန်းအကောင်အထည်ဖော်ချိန် တိုတောင်းသည့်အားသာချက်များကြောင့် အမျိုးသားဓာတ်အားလိုင်းအတွင်း Solar System များကို သင့်တင့်သောအချိုးအစားဖြင့် ထည့်သွင်းအသုံးပြုနိုင်ရေးနှင့် Solar Home System များကို တစ်ဦးချင်းနှင့် အစုအဖွဲ့အလိုက် တပ်ဆင်အသုံးပြုနိုင်ရေးကို အားပေးဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
■ လက်ရှိကြုံတွေ့နေရသည့် နည်းပညာပိုင်းနှင့် စီမံခန့်ခွဲမှုပိုင်းဆိုင်ရာ အခက်အခဲများကို ယခုအလုပ်ရုံဆွေးနွေးပွဲမှတစ်ဆင့် ဝိုင်းဝန်းအကြံပြု ဆွေးနွေးအဖြေရှာနိုင်ပါက ထိရောက်သော စီမံကိန်းများကို လျင်မြန်စွာ အကောင်အထည်ဖော်နိုင်မည်ဖြစ်ပြီး ဆိုလာဓာတ်အားစနစ်ကို စွမ်းရည်မြင့်မားစွာ အသုံးချနိုင်ရေးမှာ အရေးကြီးကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။
■ အလုပ်ရုံဆွေးနွေးပွဲတွင် စာတမ်းရှင်များနှင့် ကျွမ်းကျင်ပညာရှင်များက သက်ဆိုင်ရာခေါင်းစဉ်များအလိုက် ဆွေးနွေးတင်ပြခဲ့ကြပြီး တက်ရောက်လာသူများနှင့် အပြန်အလှန်မေးမြန်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။
■ ထို့အပြင် “မြန်မာနိုင်ငံတွင် နေရောင်ခြည်စွမ်းအင်ဖွံ့ဖြိုးတိုးတက်မှုကို အရှိန်အဟုန်မြှင့်တင်ခြင်းနှင့် လျှပ်စစ်ဓာတ်အားစနစ်၏ တည်ငြိမ်စိတ်ချမှုကို ထိန်းသိမ်းခြင်း” ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲကိုလည်း ကျင်းပခဲ့ကြောင်းသိရသည်။
■ အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ ပေါကြွယ်ဝသော နေရောင်ခြည်စွမ်းအင် အရင်းအမြစ်များကို အပြည့်အဝအသုံးချ၍ ဓာတ်အားထုတ်လုပ်နိုင်ပါက စွမ်းအင်ဖူလုံပြီး စိမ်းလန်းစိုပြည်သည့် အနာဂတ်နိုင်ငံတော်ဆီသို့ အောင်မြင်စွာချီတက်နိုင်မည်ဖြစ်ကြောင်း နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။
■ ယင်းအလုပ်ရုံဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ ကောင်စီဝင် ဦးကိုကိုလှိုင်၊ ဒုတိယဝန်ကြီးများ၊ သက်ဆိုင်ရာဌာနဆိုင်ရာအကြီးအကဲများ၊ အင်ဂျင်နီယာအသင်းအဖွဲ့များ၊ စီးပွားရေးအဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပကုမ္ပဏီများမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများအပါအဝင် စုစုပေါင်း ၄၇၅ ဦး တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times