#Local_News
Published 1 Sept 2025

▪️ YBS ယာဉ်များနှင့် အငှားယာဉ် (Taxi) များကို ဦးစားပေး၍ သက်သာသည့်ဈေးနှုန်းဖြင့် CNG များစိုက်ထုတ်ရောင်းချပေးနေကြောင်းစွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကိုလွင်ကပြောသည်။

▪️ ယမာန်နေ့ကရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ အောက်မြန်မာပြည်ရုံးခွဲ (စိမ်းလဲ့မေ) ၌ ကျင်းပသည့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်းသဘာဝဓာတ်ငွေ့သုံးစွဲမှု အကျိုးရှိထိရောက်စွာ အသုံးပြုနိုင်ရေးညှိနှိုင်းအစည်းအဝေး၌ စွမ်းအင်ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် က ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

▪️ ထိုသို့ပြောကြားရာတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် စွမ်းအင်ကဏ္ဍသည် လွန်စွာအရေးကြီးပါကြောင်း၊ စွမ်းအင်လုံခြုံရေးနှင့် စွမ်းအင်ဖူလုံရေးအတွက်အဓိကတာဝန်ရှိသည့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့်နိုင်ငံအတွက်လိုအပ်သော ရေနံနှင့်သဘာဝဓာတ်ငွေ့များ တိုးတက်ထုတ်လုပ်နိုင်ရေးနည်းလမ်းမျိုးစုံဖြင့်ကြိုးပမ်းဆောင်ရွက်နေသကဲ့သို့ထွက်ရှိလာသည့် သဘာဝဓာတ်ငွေ့ကို ပြည်ပသို့တင်ပို့ဖြန့်ဖြူးရောင်းချခြင်းအပြင် ပြည်တွင်းတွင်လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေးနှင့် စက်ရုံအလုပ်ရုံများ၏ ကုန်ထုတ်လုပ်မှုလုပ်ငန်းများဆောင်ရွက်နိုင်ရန် ဖြန့်ဖြူးပေးခြင်း၊ အများပြည်သူသယ်ယူပို့ဆောင်ရေးကဏ္ဍ အဆင်ပြေချောမွေ့စေရေးအတွက် ဖိအားမြှင့်သဘာဝဓာတ်ငွေ့ (Compressed Natural Gas–CNG) ဖြန့်ဖြူးပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိ ကြောင်းပြောကြားခဲ့သည်။

▪️ ထို့အပြင်လက်ရှိတွင် မိမိတို့နိုင်ငံ၌ပြည်တွင်းသုံးသဘာဝဓာတ်ငွေ့၏ ၈၅ ရာခိုင်နှုန်းကို လျှပ်စစ်ဓာတ်အားကဏ္ဍနှင့် ၈ ရာခိုင်နှုန်းကို စက်မှု/ကုန် ထုတ်လုပ်မှုကဏ္ဍတို့တွင် အသုံးပြုနေပြီးသယ်ယူပို့ဆောင်ရေးကဏ္ဍ၌ ၇ ရာခိုင်နှုန်းခန့် သုံးစွဲလျက်ရှိကြောင်း၊ မော်တော်ယာဉ်များတွင် CNG သုံးစွဲခြင်းသည် ဓာတ်ဆီ၊ ဒီဇယ်ဆီများ သုံးစွဲခြင်းထက်ကုန်ကျစရိတ်များစွာသက်သာပြီး ကာဗွန်ထုတ်လွှတ်မှုလျော့နည်းသောကြောင့် သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် CNG သုံးစွဲမှုကို မြှင့်တင်နိုင်ရေးဆောင်ရွက် ရှိကြောင်း ၎င်းကဆိုသည်။

▪️ နိုင်ငံတော်အနေဖြင့် ပြည်သူများ ခရီးသွားလာရာတွင် ဈေးနှုန်းသက်သာစေရန် CNG ကို YBS ယာဉ်များနှင့် အငှားယာဉ် (Taxi) များအားဦးစားပေး၍ အထူးသက်သာသော ဈေးနှုန်းဖြင့်စိုက်ထုတ်ရောင်းချပေးလျက်ရှိပါကြောင်း ဆက်လက် ပြောကြားသည်။

▪️ ထို့နောက် သာကေတကမ်းလွန်ရေနံအခြေစိုက်စခန်း အထွေထွေမန်နေဂျာက ရေနံနှင့်သဘာဝဓာတ်ငွေ့ရှာဖွေတူးဖော်ထုတ်လုပ်ခြင်းလုပ်ငန်းများအတွက် အထောက်အကူပြုလုပ်ငန်းများဆောင်ရွက်ပေးနေမှုနှင့် ပစ္စည်းများ ထိန်းသိမ်းဖြန့်ဖြူးပေးနေမှု အခြေအနေများကိုလည်းကောင်း၊ မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့ဌာန အထွေထွေမန်နေဂျာက မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့များအား ဖြန့်ဖြူးရောင်းချပေးနေမှု အခြေအနေများနှင့် ပြုပြင်ပြောင်းလဲဆောင်ရွက်သွားမည့် အစီအမံများကိုလည်းကောင်း၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း ဒုတိယညွှန်ကြားရေးမှူး (ထုတ်လုပ်ရေး) က သဘာဝဓာတ်ငွေ့များ လေလွင့်ဆုံးရှုံးမှုလျော့နည်း သက်သာစေရေးသဘာဝဓာတ်ငွေ့ ထိန်း/ဖြန့်စခန်းများမှ Metering စနစ်အသုံးပြု၍ ဖြန့်ဖြူးဆောင်ရွက်သွားမည့် အခြေအနေများကိုလည်းကောင်း၊ အသုံးချသုတေသနဌာန (ထောက်ကြန့်) မှ သုတေသနအရာရှိချုပ်က ဓာတ်ခွဲခန်းများနှင့် စက်ပစ္စည်းများအဆင့် မြှင့်တင်ရေးအစီအစဉ်များကိုလည်းကောင်း၊ အမှတ် (၂) နှင့် အမှတ် (၃) ရေနံဓာတ်ငွေ့ရည်စက်ရုံ (ညောင်တုန်း) စက်ရုံမှူးများက ရေနံဓာတ်ငွေ့ရည် (ပရိုပိန်း၊ ဗြူတိန်း) နှင့် နက်ဖ်သာထုတ်လုပ်ဖြန့်ဖြူးရောင်းချမှု အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ်နှင့် မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းဦးဆောင်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများကလိုအပ်သည်များကို ဖြည့်စွက်ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို မှာကြားခဲ့ကြောင်းသိရသည်။

#YMG/NN #Yangon_Times