#Local_News
Published_ 10 July 2026

■ ရန်ကုန်တိုင်းဒေသကြီး၌ ဧပြီ ၂၀ ရက်မှ ဇူလိုင် ၇ ရက်အထိ ၂လကျော်ကာလအတွင်း ခါးပိုက်နှိုက်မှု ၁၁၇ မှုမှ တရားခံ ၉၉ ဦးကို ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း သိရပါတယ်။

■ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့အနေဖြင့် ပြည်တွင်းလုံခြုံရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ၌ YBS ယာဉ်လိုင်းများ၊ ကားမှတ်တိုင်များနှင့် အများပြည်သူ သွားလာလျက်ရှိသည့် နေရာများတွင် အုပ်စုဖွဲ့ ခါးပိုက်နှိုက်ကျူးလွန်မှုများ လျော့နည်းကျဆင်းစေရန်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက သတင်းရယူစုံစမ်းခြင်း၊ အသွင်ယူစောင့်ကြည့်ခြင်းများ ဆောင်ရွက်ခဲ့ပြီး ပြစ်မှုကျူးလွန်သူ တရားခံများကို ဖော်ထုတ်ဖမ်းဆီးအရေးယူခဲ့တာ ဖြစ်ပါတယ်။

■ ဧပြီ ၂၀ ရက်မှ ဇူလိုင် ၇ ရက်အထိ တိုင်းဒေသကြီးအတွင်းရှိ ထန်းတပင်၊ အင်းစိန်၊ လှိုင်သာယာ(အရှေ့ပိုင်း)၊ လှိုင်သာယာ(အနောက်ပိုင်း)၊ သင်္ဃန်းကျွန်း၊ ဗိုလ်တထောင်၊ ဒေါပုံ၊ သာကေတ၊ လသာ၊ မင်္ဂလာတောင်ညွန့်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)၊ ပန်းဘဲတန်း၊ လမ်းမတော်၊ ကြည့်မြင်တိုင်၊ စမ်းချောင်း၊ မရမ်းကုန်း၊ မြောက်ဥက္ကလာပ၊ ကမာရွတ်နှင့် ဗဟန်းမြို့နယ်တို့၌ အမှုစုစုပေါင်း ၁၁၇ မှုနှင့် ကျူးလွန်သူ တရားခံကျား ၉၄ ဦး၊ မ ၅ ဦး၊ စုစုပေါင်း ၉၉ ဦးတို့ကို ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ခဲ့တာပါ။

■ ခါးပိုက်နှိုက်မှုကျူးလွန်ရာမှ ရရှိခဲ့သည့် သက်သေခံပစ္စည်းများဖြစ်သော လက်ကိုင်ဖုန်းအလုံး ၁၄၀ နှင့် ငွေကျပ် ၆၅၇၀၀၀၀ တို့အားသိမ်းဆည်းရမိခဲ့ပါတယ်။

■ ရန်ကုန်တိုင်းဒေသကြီးအတွင်း မှုခင်းကျဆင်းရေးနှင့် ဒုစရိုက်မှုများ ကင်းစင်စေရေးအတွက် ခရိုင်များအလိုက် သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များနှင့် ပူးပေါင်း၍ လှည့်ကင်း၊ ရပ်ကင်း၊ ဝပ်ကင်းများ ဆောင်ရွက်ခြင်း၊ ဧည့်စာရင်းစစ်ဆေးခြင်း၊ မှုခင်းအသိပညာပေး ဟောပြောခြင်း၊ အသိပညာပေး လက်ကမ်းစာစောင်များဝေငှခြင်း၊ သက်ဆိုင်ရာ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့များနှင့် ပူးပေါင်း၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောခြင်း၊ စည်းကမ်းမဲ့ယာဉ်များ ဖမ်းဆီးခြင်းများ နေ့စဉ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါတယ်။

#YMG/MNN #Yangon_Times
#Yangon_Media_Group