#Local_News
Published 24 January 2025

▪️ မြန်မာနိုင်ငံတွင်အကြီးဆုံး ကုန်းတွင်းရေချို အိုင်ကြီးဖြစ်သည့် ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြိုနယ်ရှိ အင်းတော်ကြီးအိုင်နှင့် ဆက်စပ်ရေဝပ်ဒေသများတွင် ဇန်နဝါရီလအတွင်း အာရှ ရေပျော်ငှက်စာရင်းကောက်ယူရာ၌ ရှားပါးဆောင်းခို ရေပျော်ငှက်မျိုးစိတ်နှင့် ဒေသရင်း ရေပျော်ငှက်မျိုးစိတ်တိုသည် ယခင်နှစ်နှင့်နှိင်းယှဉ်ပါက ရေပျော်ငှက်မျိုးစိတ်တစ်မျိုးနှင့် ငှက်ကောင်ရေ(၃၉၇၀)ကျော်ခန့် ပိုမိုတွေ့ရှိ မှတ်တမ်းတင်နိုင်ခဲ့ကြောင်း သိရသည်။

▪️ အင်းတော်ကြီးအိုင်သည် နှစ်စဉ်ဆောင်းရာသီ ပွင့်လင်းရာသီသို ရောက်ရှိလာတိုင်း ကမ္ဘာ့မြောက်ဘက်အပိုင်းမှ လာရောက်ဆောင်းခိုလေ့ရှိသည့် ရှားပါးငှက်မျိုးစိတ်များနှင့် ဒေသရင်း ရေပျော်ငှက်မျိုးစိတ်များသည် ကျင်လည်ကျက်စားလျက်ရှိကြပြီး ယခုနှစ် ဇန်နနဝါရီလအတွင်း အာရှရေပျော်ငှက်စာရင်း ကောက်ယူချက်များအရ ရှားပါးဆောင်းခိုရေပျော်ငှက်မျိုးစိတ် (၂၉)မျိုး၊ ငှက်ကောင်ရေ (၁၇၂၇၅)ကောင်နှင့် ဒေသရင်းရေပျော်ငှက်မျိုးစိတ် (၁၇)မျိုး၊ ငှက်ကောင်ရေ (၆၉၀၂)ကောင် စုစုပေါင်း ငှက်ကောင်ရေ (၂၄၁၇၇)ကောင်ကို အင်းတော်ကြီးအိုင်၏ အရှေ့ဘက်၊ အနောက်ဘက်နှင့် အင်းတော်ချောင်းတစ်လျှောက် ချောင်းဘေးဝဲ/ယာနှင့် ဆက်စပ်ရေဝပ်ဒေသများရှိ ကိုင်းတောများအတွင်းသို့ တာဝန်ရှိသူများကအဖွဲ့များခွဲ၍ စာရင်းကောက်ယူနိုင်ခဲ့ကြောင်း သိရသည်။

▪️ အင်းတော်ကြီး တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၌ အများဆုံးတွေ့ရှိရသည့် ရှားပါးဆောင်းခို ရေပျော်ငှက်မျိုးစိတ်များမှာ တောငန်း (၄၈၀၅)ကောင်၊ ဘဲဖြူနက် (၃၀၀၂)ကောင်၊ ရေကြက်ဒုံ (၂၁၅၉)ကောင်၊ ကြိုးကြာခေါင်းမဲ (၁၇၆၈)ကောင်၊ စင်ရော်ခေါင်းညို (၁၅၃၃)ကောင်၊ စင်ရော်ခေါင်းမဲ (၇၉၄)ကောင်၊ ပိုချပ်ဘဲ (၅၀၅)ကောင်၊ ဘဲနီစပ် (၅၈၀)ကောင်နှင့် ဘဲမဲ (၄၃၀)ကောင် စသည်တို ပေါများစွာ လာရောက်ဆောင်းခို ကျက်စားကြလျက်ရှိပြီး ဒေသရင်း ရေပျော်ငှက်မျိုးစိတ်များဖြစ်သည့် စစ္စလီ (၂၅၃၂)ကောင်၊ တင်ကျီးကြီး (၁၂၀၀)ကောင်၊ မယ်ညို (၁၅၀၉)ကောင်နှင့် တစီးမှုတ်(၄၆၀)ကောင်တို့ ပေါများစွာကျက်စားလျက်ရှိကြောင်း သိရသည်။

▪️ အဆိုပါ ရေပျော်ငှက်မျိုးစိတ်များ စာရင်းကောက်ယူခြင်းကို အင်းတော်ကြီးအိုင်၏ အရှေ့ဘက် လမ်းကြောင်းတွင်လည်းကောင်း၊ အနောက်ဘက်လမ်းကြောင်းတွင်လည်းကောင်း၊ အင်းတော်ချောင်း တစ်လျှောက် ချောင်းဘေး ဝဲ/ယာနှင့် ဆက်စပ်ရေဝပ်ဒေသများရှိ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယခုနှစ်တွင် ၂၀၂၅ခုနှစ်က မတွေ့ရှိခဲ့ရသည့် စက္ကဝက် (၄)ကောင်၊ ငှက်နှုတ်သီးလန် (၃)ကောင်နှင့် ဒီလုံးရင်ညို (၆)ကောင် စသည့် ငှက်မျိုးစိတ်(၃)မျိုးကိုပြန်လည်တွေ့ရှိ မှတ်တမ်းတင်နိုင်ခဲ့ကြောင်း သိရသည်။

▪️ အင်းတော်ကြီးအိုင်သည် ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ (၁၅)ရက်နေ့တွင် အရှေ့အာရှ-ဩစတြေးလျ ငှက်ပျံသန်းရာလမ်းကြောင်းရှိ အရေးကြီးရေဝပ်ဒေသများ ကွန်ရက်အဖွဲဝင်အဖြစ်လည်းကောင်း၊ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ (၂)ရက်နေ့တွင် မြန်မာနိုင်ငံ၏ ဒုတိယမြောက် ရမ်ဆာရေဝပ်ဒေသအဖြစ် လည်းကောင်း၊ သတ်မှတ်ခြင်းခံထားရသော အင်းတော်ကြီးတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော ဖြစ်ကြောင်းနှင့် နိုတိုက်သတ္တဝါမျိုးစိတ် (၄၇)မျိုး၊ ကုန်နေရေနေနှင့် တွားသွားသတ္တဝါမျိုးစိတ် (၉၁)မျိုး၊ ငါးမျိုးစိတ် (၉၄)မျိုး၊ ရေပျော်ငှက်မျိုးစိတ် (၁၀၅)မျိုးနှင့် သစ်တောငှက်မျိုးစိတ် (၄၀၀)တို့ နေထိုင်ကျက်စားလျက်ရှိကြောင်း သိရသည်။

#YMG/SW #Yangon_Times