#Local_News
Published 27 June 2026

■ FIFA ယူ-၁၅ ကမ္ဘာ့ဖလား နှင့် ဘောလုံးပွဲတော်တွင် မြန်မာ ယူ-၁၅ အသင်း ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ရာ အဆိုပါအသင်းအားစုစုပေါင်း အဖွဲ့ဝင် ၂၀ ဦး ဖြင့် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ထားသည်။

■ အောက်တိုဘာ ၂၂ ရက်မှ ၃၁ ရက်အထိ အဇာဘိုင်ဂျန်နိုင်ငံတွင် ၁၀ ရက်ကြာ ကျင်းပသွားမည့်အဆိုပါပြိုင်ပွဲအတွက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)အနေဖြင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) ထံ မြန်မာယူ၁၅ အသင်းပါဝင်ယှဉ်ပြိုင်ရေးအတွက် တရားဝင်အကြောင်းကြားစာ ပေးပို့ထားပြီး MFF အနေဖြင့်လည်းပါဝင်ယှဉ်ပြိုင်ရန် တရားဝင်ဆက်သွယ်ဆောင်ရွက်ခဲ့ပြီး ဖြစ်ရာ MFF သည် ပြီးခဲ့သည့် ၃ နှစ်တာအတွင်း မြန်မာ ယူ၁၅ လိဂ်ပြိုင်ပွဲများအား ရန်ကုန်၊ မန္တလေး၊ တောင်ကြီး ဇုန်များတွင် နှစ်စဉ်ကျင်းပလျက်ရှိသလို ယခု ၂၀၂၆ လိဂ်ပြိုင်ပွဲကိုလည်း ယခင်နှစ်ကထက် ပြိုင်ပွဲဝင်အသင်း ပိုမိုများပြားစွာဖြင့်ကျင်းပပေးလျက်ရှိကြောင်း သိရသည်။

■ ထို့ကြောင့် မြန်မာယူ ၁၅ အသင်းကို အသင်းတစ်သင်းလျှင် ကစားသမား ၁၄ ဦး (အနည်းဆုံး ဂိုးသမား ၂ ဦး ပါဝင်ရမည်) နှင့် အသင်းအရာရှိ/ဝန်ထမ်း ၆ ဦး၊ စုစုပေါင်း အဖွဲ့ဝင် ၂၀ ဦး ဖြင့် ဖွဲ့စည်းသွားမည်ဖြစ်ပြီး မြန်မာ ယူ၁၅ ပဏာမ ကစားသမားရွေးချယ်ရာတွင် တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးမှ ထူးချွန်လူငယ်များ၊ ပါရမီရှင် ရွက်ပုန်းသီး လူငယ်များမကျန် စနစ်တကျ ရွေးချယ်မှုများပြုလုပ်မည်ဖြစ်ကြောင်း၊ အဆိုပါကမ္ဘာ့အဆင့် လူငယ်ဘောလုံးပွဲတော်ကြီးသည် မြန်မာ့လူငယ်ကစားသမားများအတွက် နိုင်ငံတကာအတွေ့အကြုံကောင်းများစွာ ရရှိစေမည့်အပြင် အနာဂတ် ယူ-၁၇ ကမ္ဘာ့ဖလားပြိုင်ပွဲများအတွက်ပါအရေးပါသည့် ခြေလှမ်းတစ်ရပ် ဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။

#YMG/SW #Yangon_Times