#Local_News
Published 19 September 2026
■ ဘယ်လာရုစ်နိုင်ငံ၏ နို့စားနွားမျိုးထုတ်လုပ်မှု၊ သန္ဓေကူးပြောင်းဓာတ်ခွဲခန်း၊ တိရစ္ဆာန်အစာနှင့် အမိုင်နိုအက်ဆစ်ထုတ်လုပ်မှု၊ စိုက်ပျိုးရေးစက်ယန္တရား ထုတ်လုပ်မှုနည်းပညာများကို မြန်မာကိုယ်စားလှယ်အဖွဲ့က သွားရောက်လေ့လာခဲ့ကြောင်း သိရသည်။
■ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲထွန်းဝင်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် မြန်မာ-ဘယ်လာရုစ် စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့် နည်းပညာများ လေ့လာနိုင်ရန် ဘယ်လာရုစ်နိုင်ငံ မင့်စ်မြို့တွင် ရောက်ရှိနေခြင်းဖြစ်သည်။
■ စက်တင်ဘာ ၁၅ ရက်တွင် ဘယ်လာရုစ်နိုင်ငံ စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Mr. Ivan Smilgin နှင့် တွေ့ဆုံ၍ စိုက်ပျိုးမွေးမြူရေးနည်းပညာ ပူးပေါင်းဆောင်ရွက်မှု၊ ကုန်သွယ်မှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေးဆွေးနွေးခဲ့ကြသည်။
■ ထို့ပြင် နို့စားနွားမျိုးထုတ်လုပ်ရေးနှင့် တိရစ္ဆာန်အစာထုတ်လုပ်ရေးလုပ်ငန်းများ၊ နွားမျိုးရည်ထုတ် ဓာတ်ခွဲခန်းနှင့် Minsk Tractor Plant ၏ ထွန်စက်ထုတ်လုပ်မှုလုပ်ငန်းများကို လေ့လာခဲ့ကြသည်။
■ စက်တင်ဘာ ၁၆ ရက်တွင် Belarus National Academy of Sciences ၏ စိုက်ပျိုးရေးဆိုင်ရာ သိပ္ပံနှင့် ထုတ်လုပ်မှုဗဟိုဌာန၌ မျိုးစေ့ထုတ်လုပ်မှု၊ တိရစ္ဆာန်မျိုးထုတ်လုပ်မှု၊ သန္ဓေကူးပြောင်းနှင့် အာဟာရဗေဒဓာတ်ခွဲခန်းများကို လေ့လာခဲ့ပြီး Zhodino-AgroPlemElita မွေးမြူရေးလုပ်ငန်း၌ နို့စားနွားမွေးမြူရေး၊ တိရစ္ဆာန်အစာထုတ်လုပ်မှုနှင့် နို့ညှစ်လုပ်ငန်းများကို ကြည့်ရှုခဲ့သည်။
■ စက်တင်ဘာ ၁၇ ရက်တွင် Belarusian National Biotechnology Corporation ၌ တိရစ္ဆာန်အစာ၊ အစာရောစပ်ဖြည့်စွက်အားဆေးနှင့် အမိုင်နိုအက်ဆစ်ထုတ်လုပ်မှုလုပ်ငန်းများ၊ JSC Agroko-mbinat Dzerzhinsky ၌ ကြက်မွေးမြူရေးနှင့် အသားထုတ်ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ဆက်လက်လေ့လာခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times