#Local_News
Published 10 August 2026
■ မိုင်းဆတ်၊ ဩဂုတ် ၉ — (၁၆) ကြိမ်မြောက် အာခါရိုးရာစုပေါင်း “ရဲခူအာဖွေ” ဒန်းစီးပွဲတော်နှင့် အူးဖူဒေ့ကျေးရွာတည်ထောင်ခြင်း နှစ် ၃၀ ပြည့်အခမ်းအနားကို ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ်၊ မိုင်းတွမ်းတောင်ပေါ်အုပ်စု အူးဖူဒေ့ကျေးရွာ၌ ဩဂုတ် ၉ ရက်က ကျင်းပခဲ့ပြီး တိုင်းရင်းသားရိုးရာယဉ်ကျေးမှု ထိန်းသိမ်းဖော်ထုတ်ရေး၊ ဒေသတွင်းစည်းလုံးညီညွတ်မှုနှင့် ပွဲတော်အခြေပြု ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးတို့ကို မြှင့်တင်ရန်ရည်ရွယ်ကြောင်းသိရသည်။
■ အခမ်းအနားသို့ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ပြည်နယ်ဝန်ကြီးများ၊ အာခါတိုင်းရင်းသားခေါင်းဆောင်များနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။
■ ပွဲတော်နှင့်အတူ အူးဖူဒေ့ကျေးရွာတည်ထောင်ခြင်း နှစ် ၃၀ ပြည့် အထိမ်းအမှတ် ကွန်ကရစ်ရင်ပြင်နှင့် လမ်းတို့ကို ဖွင့်လှစ်ခဲ့ပြီး အာခါရိုးရာဓလေ့ထုံးတမ်းနှင့်အညီ ဒန်းတော် မင်္ဂလာပြုစီးနင်းခြင်း၊ နှစ် ၃၀ ပြည့် မင်္ဂလာကျောက်စာတိုင် ဖွင့်လှစ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
■ ပြည်ထောင်စုဝန်ကြီးက တိုင်းရင်းသားတို့၏ ထူးခြားသည့် ရိုးရာပွဲတော်များကို ဖော်ထုတ်မြှင့်တင်ခြင်းသည် နိုင်ငံတကာခရီးသွားများအနေဖြင့် ဒေသခံတိုင်းရင်းသားများနှင့် တိုက်ရိုက်ထိတွေ့၍ ယဉ်ကျေးမှုဆိုင်ရာ ဗဟုသုတများ လေ့လာနိုင်စေသည့်အပြင် ဒေသခံလူထုအတွက် ခရီးသွားလုပ်ငန်းဆိုင်ရာ အလုပ်အကိုင်နှင့် ဝင်ငွေအခွင့်အလမ်းများ တိုးတက်စေနိုင်ကြောင်း ပြောကြားခဲ့သည်။
■ ယင်းမှတစ်ဆင့် လူနေမှုအဆင့်အတန်း မြင့်မားရေးနှင့် ဆင်းရဲနွမ်းပါးမှု လျော့ပါးရေးကိုလည်း အထောက်အကူပြုနိုင်မည်ဟုဆိုသည်။
■ “ရဲခူအာဖွေ” ဒန်းစီးပွဲတော်သည် အာခါတိုင်းရင်းသားတို့၏ ထင်ရှားသည့် ရိုးရာဓလေ့ပွဲတော်တစ်ခုဖြစ်ပြီး မိုင်းဆတ်မြို့နယ်အတွင်းရှိ အာခါမျိုးနွယ်စုများနှင့် အခြားဒေသခံတိုင်းရင်းသားများ ပူးပေါင်းပါဝင်ဆင်နွှဲလေ့ရှိသဖြင့် ရိုးရာယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းရေးနှင့် ဒေသတွင်း လူမှုအသိုက်အဝန်း ချိတ်ဆက်မှုကို အားပေးနိုင်သည့် ပွဲတော်တစ်ခုဖြစ်ကြောင်း သိရသည်။
■ အခမ်းအနားတွင် အာခါအမျိုးသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့က ရိုးရာအကနှင့် တေးသံသာများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ပြီး ပွဲတော်အထိမ်းအမှတ် လက်ဆောင်များပေးအပ်ခြင်းနှင့် သစ်ပင်စိုက်ပျိုးခြင်းတို့ကိုလည်း ဆောင်ရွက်ခဲ့ကြသည်။
■ ရှမ်းပြည်နယ် (အရှေ့ပိုင်း) သည် တရုတ်၊ လာအိုနှင့် ထိုင်းနိုင်ငံတို့နှင့် နယ်နိမိတ်ထိစပ်နေသည့် ဒေသဖြစ်ပြီး အိမ်နီးချင်းနိုင်ငံများမှ ခရီးသွားများ ဝင်ရောက်လည်ပတ်နိုင်သည့် အလားအလာရှိသဖြင့် ယခုကဲ့သို့ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုပွဲတော်များ ကျင်းပခြင်းသည် ဒေသ၏ ယဉ်ကျေးမှုဆိုင်ရာ ခရီးသွားထုတ်ကုန်များ ဖော်ထုတ်ရေးနှင့် နိုင်ငံ၏ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးအတွက် အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း သိရသည်။