#Local_News
ကန်ချနဘူရီ၊ နိုဝင်ဘာ ၁၀
■ ထိုင်းနိုင်ငံ ကန်ချနဘူရီပြည်နယ်တရားရုံးက မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး လှုပ်ရှားသူ၊ Bright Future အဖွဲ့ခေါင်းဆောင် ဝီရာ ဆဲင်ထောင်း (Weera Saengthong) ကို နိုဝင်ဘာ ၉ ရက်တွင် ဖမ်းဝရမ်းထုတ်ခဲ့ကြောင်း Khaosod English သတင်းဌာနက ဖော်ပြသည်။
■ ကန်ချနဘူရီပြည်နယ် ဆိုင်ယို့က်ခရိုင် မှတ်ပုံတင်ရုံးက ဝီရာ၏ မွေးဖွားကြောင်း သက်သေခံလက်မှတ်ကို ပယ်ဖျက်ပြီး အရာရှိများထံ မမှန်ကန်သည့် အချက်အလက်များ ပေးခဲ့သည်ဟု စွပ်စွဲကာ သက်သေအထောက်အထားများကို ရဲတပ်ဖွဲ့ထံ တင်ပြခဲ့သည်။ ယင်းနောက် တရားရုံးက ဖမ်းဝရမ်းထုတ်ရန် ခွင့်ပြုခဲ့ခြင်းဖြစ်သည်။
■ ဖမ်းဝရမ်းအရ ဝီရာသည် ထိုင်းနိုင်ငံသားမဟုတ်သူတစ်ဦးနှင့် သက်ဆိုင်သည့်ကိစ္စတွင် မမှန်ကန်သည့် အထောက်အထားကို ပြုလုပ်ခြင်း၊ အသုံးပြုခြင်း သို့မဟုတ် တင်ပြခြင်း၊ သို့မဟုတ် မိမိကိုယ်တိုင်ဖြစ်စေ၊ အခြားသူတစ်ဦးဖြစ်စေ အိမ်ထောင်စုစာရင်း သို့မဟုတ် လူဦးရေမှတ်ပုံတင်စာရွက်စာတမ်းတွင် တရားမဝင် စာရင်းသွင်းနိုင်ရန်ဆောင်ရွက်ခြင်းတို့ဖြင့် စွပ်စွဲခံထားရသည်။
■ ယင်းစွပ်စွဲချက်အရ အမြင့်ဆုံးထောင်ဒဏ် သုံးနှစ်ကျော် ချမှတ်နိုင်ပြီး ဖမ်းဝရမ်း၏ ဥပဒေအရ သက်တမ်းကန့်သတ်ချက်မှာ ၁၀ နှစ်ဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။
■ ဝီရာသည် ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားများ တရားဝင် အလုပ်လုပ်ကိုင်နိုင်ရန် မှတ်ပုံတင်ရေးနှင့် လိုအပ်သည့် စာရွက်စာတမ်းများ ရယူရာတွင် ကုန်ကျစရိတ် သက်သာစေရေးတို့အတွက် လှုပ်ရှားဆောင်ရွက်သူဖြစ်သည်။
■ မကြာသေးမီက ဘန်ကောက်မြို့ရှိ ကုလသမဂ္ဂရုံးရှေ့တွင် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) ထုတ်ပေးရေးစင်တာများနှင့် ရွှေ့ပြောင်းအလုပ်သမားများအပေါ် သက်ရောက်သည့် မြန်မာအစိုးရ၏ မူဝါဒများကို ကန့်ကွက်သည့် ဆန္ဒပြပွဲ၌ ပါဝင်ခဲ့သည်။
■ ဆန္ဒပြပွဲအတွင်း ထိုင်းလူတစ်စုက ၎င်းကို ကိုယ်ထိလက်ရောက် တိုက်ခိုက်ခဲ့ကြောင်း Khaosod English က ဖော်ပြထားသည်။
#YMG #Yangon_Times #Yangon_Media_Group