#Local_News

Published 06 August 2025

▪️ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနအနေဖြင့်ဆေးဝါးဓာတုဓာတ်ခွဲခန်းများနှင့် အစားအသောက်ဓာတုဓာတ်ခွဲခန်းများအား နိုင်ငံတကာအသိအမှတ်ပြုလက်မှတ် (ISO Certificate) များရရှိအောင် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်းကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။

▪️ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက ယမန်နေ့က နေပြည်တော် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၌ တိုင်းဒေသကြီး၊ ပြည်နယ်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှူးများ၊ တာဝန်ခံများနှင့် တွေ့ဆုံစဉ်ပြောကြားခဲ့ခြင်းဖြစ်သည်။

▪️ ပြည်ထောင်စုဝန်ကြီးက ပြည်သူလူထုနှင့် ထိတွေ့ဆောင်ရွက်လျက်ရှိသည့် ဌာနဖြစ်သည့်အားလျော်စွာ ပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းမူဘောင်ထဲမှ လုပ်ငန်းများကို မြန်ဆန်လွယ်ကူအောင် ဝန်ဆောင်မှုပေးရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသားများ မျှော်မှန်းသက်တမ်းတိုးမြှင့်ရေးတွင် ပြည်သူလူထုစားသုံးသည့် အစားအသောက်နှင့် ဆေးဝါးများ ဘေးအန္တရာယ်ကင်းရှင်းရေးသည် အရေးကြီးပါကြောင်း၊
သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ရုံးခွဲများတွင် အစားအသောက်များကို ဓာတ်ခွဲစမ်းသပ်စစ်ဆေးပေးနိုင်ရန် စီမံဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ဦးစီးဌာနအနေဖြင့် ဆေးဝါးဓာတုဓာတ်ခွဲခန်းများနှင့် အစားအသောက်ဓာတုဓာတ်ခွဲခန်းများအား နိုင်ငံတကာအသိအမှတ်ပြုလက်မှတ် (ISO Certificate) များရရှိအောင် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ အစားအသောက်နှင့် ဆေးဝါးမှတ်ပုံတင်ခြင်းနှင့် သက်တမ်းတိုးခြင်းလုပ်ငန်းများကို လုပ်ငန်းရှင်များ ဝန်ထုပ်ဝန်ပိုးမဖြစ်စေဘဲ အချိန်နှင့်တစ်ပြေးညီဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

▪️ ထို့ပြင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ လမ်းညွှန်မှုနှင့်အညီ နယ်စပ်ကုန်သွယ်ရေးစခန်းများတွင် ဆေးဝါးအတုများ၊ စံမညီဆေးဝါးများ တင်သွင်းမှုကို ပြင်းပြင်းထန်ထန်အရေးယူဆောင်ရွက်လျက်ရှိရာ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနအနေဖြင့် ဆေးဝါးများကို နယ်စပ်စခန်းများတွင် စနစ်တကျစစ်ဆေးရန် လိုအပ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။

#YMG/SW #Yangon_Times