#Local_News
Published 22 July 2026
■ ယူရီးယားမြေဩဇာ (အလုံးကြီး) ၅၀ ကီလိုတစ်အိတ်လျှင် ကျပ် ၁၂၀,၀၀၀ နှင့်၁၅ ပတ်လည် မြေဩဇာ ၅၀ ကီလိုတစ်အိတ်ကို ၁၃၈,၀၀၀ ကျပ်ဖြင့် သတ်မှတ်လိုက်ကြောင်း ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ၏ရန်ကုန်အထိုင်လက္ကား ရည်ညွှန်းဈေးနှုန်းများအရသိရသည်။
■ ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်း (MFSPEA) က တောင်သူများ အဓိကအသုံးပြုနေသည့် မြေဩဇာအမျိုးအစားများအတွက် ရန်ကုန်အထိုင်လက္ကား ရည်ညွှန်းဈေးနှုန်းများကိုထုတ်ပြန်ထားခြင်းဖြစ်သည်။
■ အဆိုပါထုတ်ပြန်ချက်အရ ယူရီးယားမြေဩဇာ (အလုံးကြီး) ၅၀ ကီလိုတစ်အိတ်၏ ရည်ညွှန်းလက္ကားဈေးနှုန်းကို ၁၂၀,၀၀၀ ကျပ်အဖြစ် သတ်မှတ်ထားပြီး ယင်းဈေးနှုန်းမှာ ၂၀၂၆ ခုနှစ် ဇူလိုင် ၁ ရက်မှ ဩဂုတ် ၃၁ ရက်အထိ အကျုံးဝင်မည်ဖြစ်သည်။
■ ထို့ပြင် DI Ammonium Phosphate (DAP) အခြေခံ ၁၅ ပတ်လည် မြေဩဇာ ၅၀ ကီလိုတစ်အိတ်ကို ၁၃၈,၀၀၀ ကျပ်ဖြင့် သတ်မှတ်ထားပြီး ယင်းဈေးနှုန်းမှာ ၂၀၂၆ ခုနှစ် ဇွန် ၂၁ ရက်မှ ဩဂုတ် ၃၁ ရက်အထိ အကျုံးဝင်မည် ဖြစ်ကြောင်း ၊ Complex ၁၅ ပတ်လည် မြေဩဇာအတွက် ရည်ညွှန်းဈေးနှုန်းကို သတ်မှတ်ထားခြင်းမရှိကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
■ အဆိုပါ ရည်ညွှန်းဈေးနှုန်းများမှာ ရန်ကုန်အထိုင် လက်ငင်းငွေချေစနစ်ဖြင့် ရောင်းချသည့် လက္ကားဈေးနှုန်းများဖြစ်ပြီး ဒေသအလိုက် သယ်ယူပို့ဆောင်ရေးစရိတ်များအပေါ် မူတည်၍ ဈေးနှုန်းကွာခြားနိုင်ကြောင်း အသိပေးထားသည်။
■ ထို့အပြင် သတ်မှတ်ထားသည့် ရည်ညွှန်းဈေးနှုန်းများနှင့်အညီ ရောင်းချခြင်းမရှိပါက ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီနှင့် မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေး လုပ်ငန်းရှင်များအသင်း (MFSPEA) သို့ ဆက်သွယ်အသိပေးနိုင်ကြောင်း ထုတ်ပြန်ကြေညာထားသည်။
#YMG/NN #Yangon_Times