#Local_News

Published 7 May 2026

■ နိုင်ငံတော်၏လယ်ယာကဏ္ဍဆိုင်ရာ မူဝါဒလမ်းညွှန်ချက်များ အောင်မြင်ရန် စိုက်ပျိုးရေးသုတေသနလုပ်ငန်းများဆောင်ရွက်သွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။

■ ထိုသို့ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော်၏ လယ်ယာကဏ္ဍဆိုင်ရာ မူဝါဒလမ်းညွှန်ချက်များ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရန် စိုက်ပျိုးရေးသုတေသနလုပ်ငန်းများဖြင့် ထောက်ပံ့စွမ်းဆောင်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက နေပြည်တော် ရေဆင်းစိုက်ပျိုးရေး သုတေသနဦးစီးဌာန နဝရတ်ခန်းမ၌ ကျင်းပခဲ့‌ကြောင်း သိရသည်။

■ အစည်းအဝေးတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲတင့်ထွန်းက နိုင်ငံတော်က ချမှတ်ထားသော လယ်ယာကဏ္ဍဆိုင်ရာ မူဝါဒလမ်းညွှန်ချက်များနှင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာနက ဆောင်ရွက်လျက်ရှိသည့် သုတေသနလုပ်ငန်းစဉ်များ လိုက်လျော ညီထွေဖြစ်ရန် လိုအပ်ကြောင်း၊ ထုတ်လုပ်လိုက်သည့် မျိုးသစ်တစ်ခုသည် အရည်အသွေးကောင်းမွန်ရေး၊ ဈေးကွက်ဝင်ရေး၊ ဒေသနှင့်ကိုက်ညီရေးအပြင် တောင်သူများ ရေရှည်စိုက်ပျိုးနိုင် ရန်အတွက် နည်းပညာပိုင်းအရ ထိန်းသိမ်းမှုများ အားကောင်းရန် လိုအပ်ကြောင်းပြောကြားခဲ့သည်။

■ ထို့ကြောင့်စပါး (အထူးသဖြင့် ပေါ်ဆန်းကဲ့သို့သော ဒေသမျိုးများ)၊ ဆီထွက်သီးနှံနှင့် အခြားသီးနှံများတွင် မျိုးသစ်များ ဖော်ထုတ်ရုံသာမက ၎င်းတို့၏ အရည်အသွေး မပျက်ယွင်းစေရန် မျိုးထိန်းခြင်း လုပ်ငန်းများကို စနစ်တကျဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သုတေသနပြုရရှိလာသောရလဒ်များကို နည်းပညာသင်တန်းများ၊ သတင်းဆောင်းပါးများနှင့် လက်ကမ်းစာစောင်များမှတစ်ဆင့် တောင်သူများ နားလည်လွယ်သော ဘာသာစကားဖြင့် ပြန်ဆိုဖြန့်ဝေပေးမည်ဖြစ်ကြောင်းသိရသည်။

#YMG/SW #Yangon_Times