#Local_News
Published 02 September 2025
▪️ တရုတ်-အာဆီယံကုန်စည်ပြပွဲ (CAEXPO)တွင် ဒေသထွက် ဟင်းခတ်အမွှေးအကြိုင် ကုန်ပစ္စည်းများအတွက် နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးနိုင်ရေးဆောင်ရွက်နေကြောင်း ယမန်နေ့က ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြုလုပ်သည့်တရုတ်-အာဆီယံ ကုန်စည်ပြပွဲ (22nd CAEXPO)တွင် မြစ်ကြီးနားမြို့အား နှစ်လိုဖွယ်မြို့အဖြစ် ပါဝင်ပြသနိုင်ရေး ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ MSME စီးပွားရေးလုပ်ငန်းရှင်များနှင့် ညှိနှိုင်းဆွေးနွေးပွဲမှ သိရသည်။
▪️ အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မြစ်ကြီးနားမြို့အား နိုင်ငံကိုယ်စားပြု နှစ်လိုဖွယ်ရာမြို့အဖြစ် ဂုဏ်ယူစွာပြသသွားရမည်ဖြစ်သည့်အပြင် ဒေသထွက်ဟင်းခတ်အမွှေးအကြိုင် ကုန်ပစ္စည်းများအတွက် နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးနိုင်ရေး ကိုလည်း စီစဉ်ဆောင်ရွက်ထားရှိကြောင်း၊ ထို့ကြောင့် ယနေ့လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဆပ်ကော်မတီတာဝန်ရှိသူများ၊ လုပ်ငန်းရှင်များအနေဖြင့် လိုအပ်သည်များ၊ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးရမည့်ကိစ္စရပ်များရှိပါက ပွင့်ပွင့်လင်းတင်ပြကြစေလိုကြောင်း ပြောကြားခဲ့သည်။
▪️ တရုတ်-အာဆီယံကုန်စည်ပြပွဲတွင် မြစ်ကြီးနားမြို့ကို နှစ်လိုဖွယ်ရာမြို့အဖြစ် ပြသဆောင်ရွက်သွားမည့် အစီအစဉ်များတွင် နှစ်လိုဖွယ်ရာမြို့ မိတ်ဆက်ဗီဒီယိုကလစ်များလည်းပါဝင်ကြောင်း၊ ထို့ပြင် MSME လုပ်ငန်းရှင်များကလည်း ကုန်စည်ပြပွဲအတွင်း ဒေသထွက်ဟင်းခတ်အမွှေး အကြိုင်များအပါအဝင် ကုန်စည်ပစ္စည်းများလည်းပါဝင်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times