#Local_News
Published 11 July 2026

■ မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီး၌ အောင်မြင်စွာမွေးဖွားခဲ့သည့် ရင်ချင်းဆက်အမြွှာအား ကလေးဆေးရုံကြီး (ရန်ကင်း)- မွေးကင်းစအထူးကြပ်မတ် ကုသဌာန၌ ဆက်လက်၍ ပြုစုကုသစောင့်ရှောက်ပေးနေကြောင်း သိရသည်။

■ ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်ကြာအင်းကျေးရွာနေ ဒေါ်ပပလှိုင် အသက် ၃၂ နှစ်သည်သားဦးအမြွှာ ကိုယ်ဝန်ဖြင့် လှည်းကူးမြို့ပြည်သူ့ဆေးရုံ၌ ကိုယ်ဝန်ဆောင်စောင့်ရှောက်မှုခံယူခဲ့ ပြီး ကိုယ်ဝန်ဆောင်ကာလ (၃၂)ပတ်ကျော်ချိန်တွင် ရေမြွှာပေါက်ခြင်းကြောင့် ၂၀၂၆ ခုနှစ် ဇူလိုင် ၄ ရက်တွင် လှည်းကူးမြို့ ပြည်သူ့ဆေးရုံမှတစ်ဆင့် မြောက် ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးသို့ အရေးပေါ် ဆေးရုံတက်ရောက်ခဲ့ပြီး ယင်းနေ့ ည ၇ နာရီ ၅ မိနစ်တွင် ရင်ချင်းဆက်အမြွှာ မိန်းကလေးနှစ်ဦး (ဝမ်းဗိုက်နေရာမှ ဆက်နေသော Omphalopagus Type)ကို အောင်မြင်စွာခွဲစိတ်မွေးဖွားပေးနိုင်ခဲ့‌ကြောင်း သိရသည်။
 
■ အဆိုပါကလေးငယ်များသည် လမစေ့မီမွေးဖွားပြီး ရင်ချင်းဆက်အမြွှာကလေးများဖြစ်သဖြင့် မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီး မွေးကင်းစကလေးအထူးကြပ်မတ်ဌာန၌ ထားရှိကာ လိုအပ်သောကုသမှုများ အချိန်နှင့်တစ်ပြေးညီဆောင်ရွက်ပေးခဲ့သည်။
 
■ ဇူလိုင် ၈ ရက်တွင် ခုတင်-၅၅၀ ဆံ့ ကလေးဆေးရုံကြီး (ရန်ကင်း)-ရန်ကုန်သို့ လွှဲပြောင်းကာ မွေးကင်းစအထူးကြပ်မတ် ကုသဌာန၌ ဆက်လက်၍ ပြုစုကုသစောင့်ရှောက်ပေးလျက်ရှိပြီး အဆိုပါရင်ချင်းဆက်အမြွှာ ကလေးများအား လိုအပ်သောဆေးကုသမှုများဆောင်ရွက်ရန်နှင့် ခွဲစိတ်ကုသမှု (Separation Surgery) ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများကို စီစဉ်ဆောင်ရွက်နိုင်ရန်အတွက် မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီး ဆေးရုံအုပ်ကြီး ဦးဆောင်၍ မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံ ကြီးနှင့် ခုတင်-၅၅၀ ဆံ့ ကလေးဆေးရုံကြီး(ရန်ကင်း)တို့မှ ဘာသာ ရပ်ဆိုင်ရာပညာရှင်များပါဝင်သော ဆေးကုသရေးအဖွဲ့ကိုဖွဲ့စည်းပြီး ကုသမှုများဆက်လက် ဆောင်ရွက်ပေးလျက်ရှိကာ ကလေးများ၏ ကျန်းမာရေးအခြေအနေကောင်းမွန်ကြောင်း သိရသည်။

Y#YMG/NN #Yangon_Times