#Local_News
Published 7 November 2025

■ ဂျပန်ယဥ်ကျေးမှုစင်တာ(JFYG)တွင် နာမည်ကြီးမန်းဂစာအုပ်များကို ဖတ်ရှုနိုင်မည့် MANGA DAY ပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။

■ ဂျပန်ဖောင်ဒေးရှင်းရန်ကုန်၊ ဂျပန်ယဥ်ကျေးမှုစင်တာ(JFYG)တွင် ဂျပန်နိုင်ငံ၏ယဥ်ကျေးမှုနှင့်ပတ်သက်ပြီး လစဥ်ပြခန်း၊ပြပွဲကိုပြုလုပ်ပေးသွားမည်ဖြစ်ပြီး ယခုတစ်ခေါက်ပြခန်းတွင် နာမည်ကြီးမန်းဂစာအုပ်များကို ဖတ်ရှုနိုင်ရန်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

■ "မန်းဂဆိုတာကတော့ ဂျပန်နိုင်ငံမှာ ရေးသားထုတ်လုပ်တဲ့ ရုပ်ပြကာတွန်းများ၊ ပုံပြပုံဝတ္ထုများ (Graphic Novel)အားလုံးကို ခြုံငုံခေါ်ဆိုခြင်းဖြစ်ပါတယ်။ အသက်အရွယ်တစ်ခုတည်းအတွက် ရည်ရွယ်တာမဟုတ်ဘဲ များပြားစုံလင်တဲ့ ပရိသတ်အမျိုးအစားတွေအတွက် ကွဲပြားတဲ့ မန်းဂ မြောက်များစွာရှိပြီးအသက်အရွယ်မ‌ရွေး ခုံမင်စွာဖတ်ရှုကြပါတယ်။
မန်းဂတွေကို ဖတ်ရှုရာမှာ မြန်မာနဲ့ အင်္ဂလိပ်ဘာသာမှာလို ဘယ်ကနေညာကို ဖတ်ရတာမဟုတ်ဘဲ ညာဘက်ကနေစပြီး ဘယ်ကိုဖတ်ရလေ့ရှိပါတယ်။ မန်းဂတွေကို Weekly Shonen Jumpလို မဂ္ဂဇင်းတွေမှာ အခန်းဆက်ထည့်သွင်းကြပြီး လူကြိုက်များလာတဲ့အခါ Tankoubon Volumeလို့ခေါ်တဲ့ သီးသန့်စာအုပ်အထူအဖြစ်စုစည်းထုတ်ဝေလေ့ရှိပါတယ်" ဟု
ဂျပန်ယဥ်ကျေးမှုစင်တာမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

■ ယခုလအတွင်း အပတ်စဥ်အင်္ဂါနေ့မှ စနေနေ့၊ မနက် ၉း၃၀ မှ နေ့လည် ၃း၃၀ အထိဂျပန်ဖောင်ဒေးရှင်းရန်ကုန်၊ ဂျပန်ယဥ်ကျေးမှုစင်တာ(JFYG)တွင် နာမည်ကြီးမန်းဂစာအုပ်များကို ထားရှိထားသောကြောင့် လွတ်လပ်စွာလာရောက်ဖတ်ရှုလေ့လာနိုင်ပြီး မိမိကြိုက်နှစ်သက်သည့် ဂျပန်မန်းဂကာရိုက်တာများကိုလည်း အမှတ်တရရေးဆွဲနိုင်မည်ဖြစ်ကြောင်းသိရသည်။

#YMG/SW #Yangon_Times