#Local_News
Published 07 April 2026
■ နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရသော နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး H.E. Ms. Ma Jia မှ ဧပြီ ၆ ရက်မွန်းလွဲပိုင်းက ပထမဆုံးအဖြစ် လာရောက်တွေ့ဆုံခဲ့ကြောင်းသိရသည်။
■ ထိုသို့ တွေ့ဆုံစဥ််နိုင်ငံတော်သမ္မတမှ မိမိအားနိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြောက်ကြောင်းကြေညာပြီးနောက်ပိုင်း ပြည်ပနိုင်ငံသံတမန်များအနက် ပထမဆုံး လာရောက်တွေ့ဆုံသည့်သံအမတ်ကြီးဖြစ်၍ ဝမ်းမြောက်ကာ တရုတ်နိုင်ငံ သမ္မတကြီး မစ္စတာ ရှီကျင့်ဖျင်သည်လည်း မိမိကို နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ပြီး နာရီပိုင်းအတွင်း ဝမ်းမြောက်ကြောင်းသဝဏ်လွှာပေးပို့ခဲ့မှုကိုလည်း အထူးပင်ကျေးဇူးတင်ကြောင်း၊
ထို့ပြင် အိမ်နီးနားချင်း မိတ်ဆွေကောင်းနိုင်ငံတစ်ခုအနေဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုအပေါ် ထောက်ခံမှုပြသခြင်းဖြစ်၍ ကျေးဇူးတင်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။
■ တရုတ်နိုင်ငံသံအမတ်ကြီးမှလည်း အဆွေတော်အား နိုင်ငံတော်သမ္မတကြီးအဖြစ် ရွေးချယ်တင်မြှောက်ခံခဲ့ရမှုကို ဝမ်းမြောက်ဂုဏ်ယူပြီး မြန်မာ-တရုတ် နှစ်နိုင်ငံကြား ဆက်ဆံရေးကောင်းမွန်အောင်ဆောင်ရွက်ခဲ့မှုများကိုလည်းကျေးဇူးတင်ကာအဆွေတော်၏ စွမ်းဆောင်မှုများအောက်တွင် မြန်မာနိုင်ငံအနေဖြင့် တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတစ်ခုဖြစ် လာမည်၊ နှစ်နိုင်ငံကြားပူးပေါင်းဆောင်ရွက်မှုများ ယခုထက်ပိုမိုတိုးတက်လာမည်ကိုယုံကြည်သည်ဟုပြောကြားခဲ့သည်။
■ ထို့နောက် နိုင်ငံတော်သမ္မတနှင့် တရုတ်သံအမတ်ကြီးတို့သည် နှစ်နိုင်ငံကြား သံတမန်ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ရေး၊ လုံခြုံရေးနှင့် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရေး ၊ နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ကုန် သွယ်ရေးလမ်းကြောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြပြီး ကုန်စည်ကူးသန်းရောင်းဝယ်မှုများပြန်လည်ဆောင်ရွက်နိုင်ရေး၊ မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် ထိခိုက်ပျ-က်စီးခဲ့ရမှုများအပေါ် ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် တရုတ်နိုင်ငံမှ ပါဝင်ကူညီဆောင်ရွက်ပေးလျက်ရှိမှုတို့ကိုလည်း ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
■ တွေ့ဆုံမှုအပြီးတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီးက ရွေးကောက်တင်မြှောက်ခြင်းခံရသော နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ တရုတ်နိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင်က ပေးပို့သည့်ဝမ်းမြောက်ကြောင်းသဝဏ်လွှာကို လက်ရောက်ပေးအပ်ခဲ့ကြောင်းလည်း သိရသည်။
#YMG/SW #Yangon_Times