#Local_News
Published 24 January 2025

■ ဘိန်းဖြူ၊ မက်သ်အဖက်တမင်း (Methamphetamine)၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသည့် ဆေးဝါးများနှင့် မူးယစ် ဆေးဝါးများကိုအဓိကချက်လုပ်သည့်နေရာများ၊ မူးယစ်ဆေးဝါးချက်လုပ်ရာ တွင်အသုံးပြုသည့် ပစ္စည်းများပမာဏအများဆုံးဖော်ထုတ်သိမ်းဆည်းရမိမှုများနှင့်ပတ်သက်၍ ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ အနီးစခန်းလေဆိပ်၌ကျင်းပပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် အမျိုးသားကာကွယ်ရေး နှင့်လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၊ အဖွဲ့ခေါင်းဆောင် ပြန်ကြားရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ်ဒုတိယ ရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုးတို့က ရှင်းလင်းပြောကြားခဲ့ကြကြောင်း သိရသည်။

■ အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ ပြည်ထဲရေးဝန်ကြီးဌာန အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၊ အဖွဲ့ခေါင်းဆောင်ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်း၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုး တို့နှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးကိုကိုကျော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့မှ တာဝန်ရှိသူများတက်ရောက်ကြပြီး သီရိလင်္ကာနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ တရုတ်နိုင်ငံတို့မှ သံတမန်များ၊ စစ်သံမှူး များနှင့် တာဝန်ရှိသူများ၊ ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့်ပြစ်မှုဆိုင်ရာရုံး (UNODC)မှ တာဝန်ရှိသူများ၊ ပြည်တွင်းသတင်းဌာနများ၊ နေ့စဉ်ထုတ်သတင်းစာများ၊ ပြည်တွင်းရုပ်မြင်သံကြား သတင်းဌာနများ၊ ပြည်တွင်းအခြေစိုက်ပြည်ပသတင်းဌာနများမှ သတင်းထောက်များ တက် ရောက် လေ့လာသတင်းရယူကြကြောင်း သိရသည်။

■ သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်ချုပ်ဇော်မင်းထွန်း က နိုင်ငံတော်အစိုးရနှင့် တပ်မတော်အနေဖြင့် တစ်မျိုးသားလုံး ကို လူညွန့်တုံးစေနိုင်သည့် မူးယစ်ဆေးဝါးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် သတ်မှတ်၍ တိုက်ဖျက်ဆောင် ရွက် လျက်ရှိသည့်အခြေအနေများ၊ မြန်မာနိုင်ငံအတွင်းသို့ မူးယစ်ဆေးဝါးစတင်ရောက်ရှိခဲ့သည့် နောက်ခံသမိုင်းကြောင်းဆိုင်ရာများနှင့် ဘိန်းစစ်ဆင်ရေး၊ မူးယစ်ဆေးဝါးစစ်ဆင်ရေးများ ဆောင်ရွက်ခဲ့သည့်အခြေအနေများ၊ EAO များအနေဖြင့် စတင်ရပ်တည်ကတည်းက မူးယစ်ဆေးဝါးကို စီးပွားရေးလုပ်ငန်းတစ်ရပ်အဖြစ် လုပ်ကိုင်ရပ်တည်ခဲ့ကြသကဲ့သို့ ယခုအထိလည်း လုပ်ကိုင်နေကြဆဲဖြစ်သည့်အခြေအနေများနှင့် မြန်မာနိုင်ငံအစိုးရအနေ ဖြင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူပြီး နိုင်ငံတစ်ဝန်း မူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့် တရားမဝင်ရောင်းဝယ်မှု တားဆီးကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို အင်တိုက်အားတိုက်ဖြင့် ဖိဖိစီးစီးစဉ်ဆက်မပြတ်ဆောင်ရွက်နေသည့် အခြေ အနေများ၊ Problem of Drug and Drug Problem of People ဟူသည့်အတိုင်း မူးယစ်ဆေးဝါးသည် လူသားမျိုးနွယ်တစ်ခုလုံး ရင်ဆိုင်နေရသည့်ပြဿနာ ဖြစ်သည့်အတွက် အစိုးရအတွက် အခြေခံကျသည့်သတင်းအရင်းအမြစ်များဖြစ်သည့် ဒေသခံတိုင်းရင်းသားများ၊ မီဒီယာများ၊ နိုင်ငံ့ဝန်ထမ်းများ၊ NGO များ၊ ဒေသခံစီးပွားရေးသမားများနှင့် အခြားသော လူမှု အဖွဲ့အစည်းများအားလုံးအနေဖြင့် မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့်သတင်းများရရှိပါက တာဝန်ရှိသူများထံ အချိန်မီသတင်းပေးပို့ကြရန် လိုအပ်သည့်အခြေအနေများ၊ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးဖြစ်စဉ်များတွင် အဓိကပါဝင်ပတ်သက်လျက်ရှိသည့် မည်သည့်အဖွဲ့ အစည်းကိုမဆို ထိရောက်ပြင်းထန်စွာအရေး ယူဆောင်ရွက်သွားမည် ဖြစ်သည့်အခြေအနေများ။

■ နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာကို ထိခိုက်ကျဆင်းစေပြီး လူသားမျိုးနွယ်တစ်ခုလုံးကို လူညွန့်တုံးပျက်စီးစေနိုင်သည့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့် တားဆီးနှိမ်နင်းရေးလုပ်ငန်းများကို နိုင်ငံအတွင်း၌ရှိသည့် ရနိုင်သမျှသော စွမ်းအားစု၊ အရင်းအမြစ်များကို အသုံးပြုပြီး ပြည်သူလူထုနှင့်ပူးပေါင်းကာ ထိရောက်ပြင်းထန်စွာဆောင်ရွက်သွားမည်ဖြစ်သည့်အပြင် နိုင်ငံတကာအဖွဲ့အစည်းများနှင့်လည်း တက်တက်ကြွကြွ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်သည့်အခြေအနေများနှင့်ပတ်သက်၍ပြောကြားခဲ့သည်။

■ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုး က မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့်အခြေအနေများ၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) သီပေါမြို့နယ်နှင့် မိုင်းရယ်မြို့နယ်တို့အနီး ဖော်ထုတ်ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးချက်လုပ်သည့်နေရာများ၏ ပတ်ဝန်းကျင်နေရာများအား လေကြောင်းကင်းထောက်ခြင်းနှင့် မြေပြင်သတင်းစုံစမ်းဖော်ထုတ်ခြင်းတို့ကို ဆက်လက်ဆောင်ရွက်ခဲ့ရာ မူးယစ်ဆေးဝါး ထုတ်လုပ်သည့်နေရာအများအပြား ထပ်မံဖော်ထုတ်ရရှိခဲ့သည့်အခြေအနေများ၊ ယခင်ဖော်ထုတ်ရရှိခဲ့သည့် မူးယစ်ဆေးဝါးချက်လုပ်သည့်နေရာ ၃ ခုတို့မှ မူးယစ်ဆေးဝါးများ၊ ဓာတုပစ္စည်းများနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို ဇန်နဝါရီ ၁၆ ရက်မှ ဇန် ၂၂ ရက်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့/ မြေမြှုပ်/ ဖောက်ခွဲဖျက်ဆီးခြင်းများ ဆောင်ရွက်ခဲ့သည့်အခြေအနေများနှင့် စိစစ်သုံးသပ်တွေ့ရှိချက်များ၊ ထပ်မံဖော်ထုတ်ရရှိခဲ့သည့် မူးယစ်ဆေးဝါးချက်လုပ်သည့်နေရာများမှ မူးယစ်ဆေးဝါးများ၊ ဓာတုပစ္စည်းများနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ ဖော်ထုတ်သိမ်းဆည်းရမိမှု အခြေအနေများနှင့် ပတ်ဝန်းကျင်နေရာများအား ဆက်လက်ရှင်းလင်းဖော်ထုတ်လျက်ရှိသည့် အခြေအနေများနှင့်ပတ်သက်၍လည်းကောင်း အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ကြကြောင်း သိရသည်။

Yangon_Times/PP