#Local_News
Published 05 May 2026
■ စက်သုံးဆီတင်သွင်းဖြန့်ဖြူးသည့် စနစ်တစ်ခုလုံးအား Digital စနစ်ဖြင့် ထိန်းချုပ်နိုင် တော့ မည်ဖြစ်ကြောင်း မေလ ၄ ရက်နေ့ ညနေပိုင်း၌ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ် (၆) တွင်ပြုလုပ်သည့်အများပြည်သူသယ်ယူပို့ဆောင်ရေးလုပ်ငန်းများသို့ စက်သုံးဆီများအဆင်ပြေချောမွေ့စွာဖြန့်ဖြူးပေး နိုင်ရေးနှင့် ပြည်တွင်းစက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးရောင်းချမှုအခြေအနေများဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှသိရသည်။
■ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က နိုင်ငံအလိုက် စက်သုံးဆီအခက်အခဲများကို ရင်ဆိုင်ဖြေရှင်းနေသကဲ့သို့ မိမိတို့နိုင်ငံတွင်လည်း နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှု၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပြည်သူလူထု၏ ပူးပေါင်းဆောင်ရွက်မှုတို့ကြောင့် စက်သုံးဆီတင်သွင်းဖြန့်ဖြူးရေးလုပ်ငန်းစဉ်များသည် တည်ငြိမ်လာ ခဲ့ပြီး ဈေးနှုန်းများကိုလည်း မျှတစွာစီမံဆောင်ရွက်ပေးနိုင်လျက်ရှိပါကြောင်း၊ ယနေ့အစည်းအဝေးတွင် အများပြည်သူသုံးသယ်ယူပို့ဆောင်ရေးအခန်းကဏ္ဍများအတွက် စက်သုံးဆီများကို စနစ်တကျ စီမံ ခန့် ခွဲ သွားမည့်အစီအမံများကို ဆွေးနွေးပြောကြားမည်ဖြစ်ကြောင်း၊ အများပြည်သူသယ်ယူပို့ဆောင်ရေး ကဏ္ဍအတွက် အရေးပါသည့် YBS ယာဉ်များနှင့် Taxi ယာဉ်များသို့ သဘာဝဓာတ်ငွေ့(CNG)များကို ၁ ကီလိုဂရမ်လျှင် ၂၇၃ ကျပ် ၂၅ ပြားနှုန်းဖြင့် ၂၀၀၇ ခုနှစ်မှစ၍ ဈေးနှုန်းမပြောင်းလဲဘဲ ရောင်းချပေး နေပါ ကြောင်း၊ ယင်းဈေးနှုန်းသည် နိုင်ငံတကာဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက လွန်စွာသက်သာမှုရှိသည့် အပြင် အာဆီယံနိုင်ငံများထဲတွင် အချိုသာဆုံးဖြစ်ပါကြောင်း၊ CNG သုံး Taxi ယာဉ်များကို သုံးစွဲခြင်းဖြင့် လောင်စာဆီကုန်ကျမှုမှာ သက်သာမှုရှိသည့်အတွက် CNG သုံး Taxi ယာဉ် များအနေဖြင့် နိုင်ငံတော်မှ စိုက်ထုတ်ပေးထားသည့် အခွင့်အရေးကို ပြည်သူများ ခံစားခွင့်ရရှိစေရန် ပူးပေါင်းဆောင်ရွက်ကြစေ လို ပါကြောင်း၊ YBS ယာဉ်များအနေဖြင့်လည်း အများပြည်သူသယ်ယူပို့ဆောင်ရေးအတွက် ခွင့်ပြု ထားသည့် လမ်းကြောင်းများအတွင်း၌သာ မောင်းနှင်၍ ဝန်ဆောင်မှုပေးနိုင်ရေး တာဝန်ရှိသူများမှ ကြပ်မတ်ဆောင်ရွက်ရန်လိုအပ်ပါကြောင်းဖြင့် ပြောကြားခဲ့သည်။
■ ဆက်လက်ပြီး စက်သုံးဆီသယ်ယူဖြန့်ဖြူးမှု ပိုမိုစနစ်တကျဖြစ်စေရေး မျှောစာထုတ်ပေးရာ တွင် Application ရေးဆွဲပြီး QR Code စနစ် အသုံးပြုနိုင်ပြီဖြစ်သဖြင့် စစ်ဆေးရေးဂိတ်များတွင် Scan ဖတ်၍ စစ်ဆေးနေပြီဖြစ်ပါကြောင်း၊ ဆက်လက်၍ ဆိပ်ကမ်းရှိ သိုလှောင်ကန်စခန်းများတွင် Auto Tank Gauging စနစ်တပ်ဆင်စေပြီး ဆီသယ်ယာဉ်များတွင် GPS တပ်ဆင်စေလျက်ရှိခြင်းတို့ ပြီးစီးပါက စက်သုံးဆီတင်သွင်းဖြန့်ဖြူးသည့် စနစ်တစ်ခုလုံးအား Digital စနစ်ဖြင့် ထိန်းချုပ်နိုင် တော့ မည်ဖြစ်ရာ နိုင်ငံတော်အနေဖြင့် စက်သုံးဆီ ဝယ်ယူတင်သွင်းရမှုများစွာ လျော့ နည်းသွားမည် ဖြစ် ပါ ကြောင်း၊ ဆက်လက်ပြီး မြစ်တွင်းသွားရေယာဉ်များအတွက် စက်သုံးဆီဖြန့်ဖြူးပေးရန်အတွက်လည်း စံလုပ်ထုံးလုပ်နည်းများရေးဆွဲပြီးဖြစ်၍ မကြာမီထုတ်ပြန်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူလူထု၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုသည် အဓိကဖြစ်ရာပြည်သူလူထုကို အကျိုးဖြစ်ထွန်းမှသာ ပြည်သူလူထု လေးစားအားကိုးယုံကြည်မှုရရှိမည်ဖြစ်သည့်အတွက် နိုင်ငံတော်အတွက် တစ်ထောင့်တစ်နေရာမှ အကျိုးပြုနေသည့် ဝန်ထမ်းများ၊ Stakeholder များအနေဖြင့် စေတနာထားဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
■ ထို့နောက် နေပြည်တော်ကောင်စီဝင်နှင့် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များမှ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးများက တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် စက်သုံးဆီသုံးစွဲမှုစနစ်အား ကြပ်မတ်ထိန်းကျောင်းပေးနေမှု၊ မလိုလားအပ်သောနေရာများသို့ စက်သုံးဆီများ ရောက်ရှိမှုမရှိစေရေး ဝိုင်းဝန်းဆောင်ရွက်ပေးနေမှုအခြေအနေများအားလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC)၊ ရန်ကုန်စီးတီးတက္ကစီ အသင်း (YCTA) နှင့် YBS ခရီးသည်တင်ယာဉ်လိုင်းကုမ္ပဏီတို့မှ တာဝန်ရှိသူများမှ အများပြည်သူသယ်ယူပို့ဆောင်ရေးကဏ္ဍအဆင်ပြေချောမွေ့စေရေး ဆောင်ရွက်သွားမည့် အခြေအနေများကိုလည်းကောင်း၊ ကမ်းရိုးတန်းသွားသင်္ဘောပိုင်ရှင်များအသင်း၊ ပင်လယ်ကမ်းဝေးငါးဖမ်းလုပ်ငန်းရှင်များအသင်း၊ ပြည်တွင်းရေကြောင်းသွားရေယာဉ်ပိုင်ရှင်များအသင်းမှ တာဝန်ရှိသူများမှ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကိုလည်းကောင်း ဆွေးနွေးတင်ပြကြပြီး ဒုတိယဝန်ကြီး ဦးကျော်နိုင်ဝင်း က စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးရောင်းချမှုအခြေအနေများကို ဖြည့်စွက် ရှင်းလင်းတင်ပြပြီး တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။
#YMG/SW #Yangon_Times