#Local_News
Published 04 December 2025

▪️ ရင်းနှီးမြှုပ်နှံမှုလွယ်ကူချောမွေ့စေရေးဆွေးနွေးပွဲ - ၂၀၂၅ တွင်ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ နားလည်မှုစာချွန်လွှာ ၂၄ ခုကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

▪️ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ ရင်းနှီးမြှုပ်နှံမှု လွယ်ကူချောမွေ့စေရေးဆွေးနွေးပွဲ - ၂၀၂၅ (Yangon Investment Facilitation Workshop-2025) ကို ဒီဇင်ဘာလ၃ရက်က ရန်ကုန်မြို့ရှိ Wyndham Grand Yangon Hotel ၌ ကျင်းပခဲ့ပြီးဆန်၊ ပဲ၊ နှမ်း စိုက်ပျိုးရေး ထွက်ကုန်များ၊ ဆိုလာလျှပ်စစ်ကဏ္ဍ၊ မွေးမြူရေးနှင့် ဆက်စပ်သည့် နည်းပညာလွှဲပြောင်းခြင်းကဏ္ဍစသည့် ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ နားလည်မှုစာချွန်လွှာ ၂၄ ခုကို သက်ဆိုင်ရာတာဝန်ရှိသူများက အပြန်အလှန်လက်မှတ်ရေးထိုးလဲလှယ်ခဲ့ကြကြောင်းသိရသည်။

▪️ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝါဝါမောင်က တိုင်းပြည်၏ ကုန်ထုတ်လုပ်မှု၊ ဝန်ဆောင်မှုနှင့် အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုများ တိုးချဲ့မြှင့်တင်လုပ်ကိုင်နိုင်မှသာ ပို့ကုန်နှစ်ဆ တိုးမြှင့်ရေးရည်မှန်းချက်ကို ရောက်ရှိနိုင်မည်ဖြစ်ပါကြောင်း၊ ထို့ပြင် အချို့သွင်းကုန်များကိုလည်း အစားထိုးနိုင်ပြီး ပို့ကုန်များကိုလည်း တိုးတက်အောင် ဆောင်ရွက်သွားနိုင်ရမည်ဖြစ်ပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှုဟုဆိုရာတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် ပြည်တွင်းရင်းနှီးမြှုပ်နှံမှုရှိသည့်အတွက် နှစ်ပိုင်းစလုံးကိုအားပေးဆောင်ရွက်လျက်ရှိကြောင်း ဆွေးနွေးပွဲအဖွင့်အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့သည်။

▪️ ရန်ကုန်တိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ စီးပွားရေးအချက်အချာဒေသတစ်ခုဖြစ်ပြီး နိုင်ငံ့ GDP ၏ ၂၆ ရာခိုင်နှုန်းဖြစ်သည့်အတွက် တိုင်းဒေသကြီး၏ ဖွံ့ဖြိုးမှုသည် တစ်နိုင်ငံလုံးအတွက် အရေးကြီးသောကြောင့် အစိုးရ-ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်မှုများအား တွန်းအားပေးဆောင်ရွက်‌ပေးသွားမည်ဖြစ်ကြောင်း၊ အထူးသဖြင့် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများ၏ မူလအဆိုပြုလွှာအတိုင်း ကုန်ထုတ်လုပ်မှုစွမ်းအား ပြန်လည် လည်ပတ်နိုင်ရေးနှင့် ပြည်ပသို့ ချိတ်ဆက်တင်ပို့မှု အဆင်ပြေချောမွေ့ရေးသည် အဓိကကျနေသည့်အတွက် ဗဟိုမှ ကွင်းဆင်းထိတွေ့အားပေးရင်း ပြန်လည်တင်ပြချက်များကိုလည်း သက်ဆိုင်ရာဌာနများသို့ တင်ပြညှိနှိုင်းကူညီသွားမည်ကြောင်း၊ Processing Lines အပြင် ထပ်မံတိုးချဲ့တပ်ဆင်လိုသူရှိပါကလည်း မြန်ဆန်အဆင်ပြေချောမွေ့အောင် ကူညီသွားမည်ဖြစ်ကြောင်း သိရသည်။

#YMG/SW #Yangon_Times