#Local_News
Published 24 February 2025

▪️ နေပြည်တော်တွင်ကျင်းပခဲ့သည့် ဒုတိယအကြိမ်စပ်မျိုးပြောင်းမျိုးသစ်များ မျိုးရွေးချယ်ခြင်း ကွင်းသရုပ်ပြပွဲတွင် မျိုးစေ့ကုမ္ပဏီ(၁၁)ခု ပါဝင်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

▪️ အစိုးရနှင့်ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုဖြင့် စပ်မျိုးပြောင်း မျိုးစေ့စီးပွားဖြစ်ထုတ်လုပ်ရန် “စပ်မျိုးပြောင်း မျိုးသစ်များ မျိုးရွေးချယ်ခြင်း ကွင်းသရုပ်ပြပွဲ” ကို ယမာန်နေ့ မနက်ပိုင်းက နေပြည်တော် တပ်ကုန်းမြို့နယ်ရှိ စိုက်ပျိုးရေးသုတေသနခြံ၌ ကျင်းပခဲ့ခြင်းဖြစ်သည်။

▪️ အဆိုပါ အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မျိုးစေ့ထုတ်ကုမ္ပဏီများမှ ကိုယ်စားလှယ်များနှင့် တောင်သူများ တက်ရောက်ကြပြီး မျိုးစေ့ထုတ်ကုမ္ပဏီများမှ ကိုယ်စားလှယ်များ၊ တောင်သူများက စပ်မျိုးပြောင်း မျိုးသစ် ၂၈ မျိုး၏ အရည်အသွေးနှင့်အထွက်နှုန်းအပေါ် သဘောထားမှတ်ချက်များ၊ အကြံပြုချက်များ တင်ပြကြရာပညာရှင်များက ဖြေကြားဆွေးနွေးကြသည်။

▪️ စိုက်ပျိုးရေးသုတေသန ဦးစီးဌာနက သုတေသနပြု ဖော်ထုတ်ရရှိထားသော အလားအလာ ကောင်းစပ်မျိုးပြောင်းမျိုးသစ်များကို မျိုးစေ့ကုမ္ပဏီများ၊ ဒေသခံပြောင်းစိုက်တောင်သူများ ကိုယ်တိုင်မျက်မြင်စိတ်ကြိုက် မျိုးရွေးချယ်နိုင်ကြစေရန် ၂၀၂၅ ခုနှစ်တွင် ကျင်းပခဲ့သည့် ပထမအကြိမ် စပ်မျိုးပြောင်း မျိုးသစ်များ မျိုးရွေးချယ်ခြင်း ကွင်းသရုပ်ပြပွဲ၌ မျိုးစေ့ထုတ်ကုမ္ပဏီ ခြောက်ခု ပါဝင်ဆောင်ရွက်ခဲ့ပြီး ယမာန်နေ့ကကျင်းပသည့် ဒုတိယအကြိမ် ကွင်းသရုပ်ပြပွဲတွင် မျိုးစေ့ကုမ္ပဏီ(၁၁)ခု ပါဝင်ဆောင်ရွက်ခဲ့သဖြင့် သုတေသနရလဒ်များ လက်တွေ့အသုံးချနိုင်ရေးအတွက် အရေးပါသည့် တိုးတက်မှုတစ်ရပ်ဖြစ်ကြောင်း၊ ၂၀၂၆-၂၀၂၇ မိုးသီးနှံ ပြောင်းစိုက်ဧရိယာများတွင် ပြည်တွင်းထုတ် စပ်မျိုးပြောင်းမျိုးစေ့များ အသုံးပြုစိုက်ပျိုးနိုင်မည်ဖြစ်ကြောင်း သိရသည်။

▪️ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်းရှိ စိုက်ပျိုးပညာပေးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးသင်တန်းကျောင်း(AERDTC)ခန်းမ၌ ကျင်းပသည့် မြန်မာနိုင်ငံတွင်စွမ်းအားမြှင့်မီးဖိုများ ဖြန့်ဖြူးခြင်းစီမံကိန်း၏ထောက်ပံ့ငွေဖြင့် ဆောင်ရွက်သည့် ကျေးရွာသစ်လှုပ်ရှားမှု စံပြကျေးရွာများအား ရန်ပုံငွေထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့‌ကြောင်းသိရသည်။

#YMG/NN #Yangon_Times