#Local_News
‎Published_7 Feb 2026

‎ ■ ခေတ်အဆက်ဆက်ဖြစ်ပေါ်ခဲ့သည့် နိုင်ငံရေးဆိုင်ရာ ပဋိပက္ခဖြစ်ပွားမှုများမှာ ပညာရေးဆိုင်ရာအားနည်းမှုများကြောင့်ဖြစ်သည်ဟုလည်းသုံးသပ်နိုင်ကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောသည်။

‎ ■ ယမန်နေ့ ဖေဖော်ဝါရီ လ ၆ ရက် မွန်းလွဲပိုင်းတွင် ဝန်ကြီးဌာနအသီးသီးရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ပါမောက္ခများနှင့် ဆရာ၊ ဆရာမများအား ရန်ကုန်တက္ကသိုလ်၊ ဝိဇ္ဇာခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားစဉ် ယင်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

‎ ■ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းအရ မိမိတို့ နိုင်ငံလူဦးရေ၏ စာတတ် မြောက်သူမှာ ၉၁ ဒသမ ၁ ရာခိုင်နှုန်းကျော်ရှိသော်လည်း အခြေခံပညာမူလတန်းအဆင့် တတ်မြောက် အောင်မြင် သူများပြားပြီး အထက်တန်းအဆင့်နှင့် တက္ကသိုလ်အဆင့်တတ်မြောက်သူ နည်းပါကြောင်း၊ ၎င်းမှာ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းမှ တွေ့ရှိချက်ဖြစ်ပြီး ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း၊ ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းတို့နှင့်ပါ နှိုင်းယှဉ်လေ့လာ ကြည့်ပါက မိမိတို့နိုင်ငံ၌ ပညာရေးမြှင့်တင်ရန် လိုအပ်ချက်ကြီးမားသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပညာရည်မြှင့်တင်ရေးလုပ်ငန်းများကို ပိုမိုဆောင်ရွက်ပေးရန် လိုအပ်သည်ကိုတွေ့ရကြောင်း ယာယီသမ္မတ က ပြောသည်။

‎ ■ ပညာရေးအားနည်းမှုသည် နိုင်ငံ၏ တည်ငြိမ်အေးချမ်းမှုနှင့် စည်းကမ်းထိန်းသိမ်းရေးအတွက် များစွာအကျိုးသက်ရောက်မှုရှိသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ခေတ်အဆက်ဆက်ဖြစ်ပေါ်ခဲ့သည့် နိုင်ငံရေးဆိုင်ရာ ပဋိပက္ခဖြစ်ပွားမှုများသည် ပညာရေးဆိုင်ရာအားနည်းမှုများကြောင့် ဖြစ်သည်ဟုလည်းသုံးသပ်နိုင်ကြောင်း၊ အတန်းပညာ၊ အသိပညာများ အားနည်းမှုကြောင့် အခြားသူများ၏ သွေးထိုးလှုံ့ဆော်မှုများကို စဉ်းစားတွေးခေါ်ဆင်ခြင်မှုများမရှိတော့ဘဲ လုပ်ဆောင်ကြခြင်းကြောင့် နိုင်ငံတည်ငြိမ်ရေးကို ပျက်ပြားစေခဲ့ခြင်းဖြစ်ကြောင်း ယင်းက ပြောသည်။

‎ ■ အလားတူ သင်ကြားရေးပိုင်းဆိုင်ရာ နည်းစနစ်များ (Teaching Method) ကိုလည်း ခေတ်နှင့် လျော်ညီစွာဆောင်ရွက်ပေးရမည်၊ ကျောင်းနေအရွယ်ကလေးများ ကျောင်းတက် ရောက်လိုသည့်စိတ်များရှိအောင် ဆွဲဆောင်၍ ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ဆရာ၊ ဆရာမများ၏အရည်အသွေးမြင့်မားရေးကို ဆောင်ရွက်ပေးရန် လိုအပ်သည်ကိုလည်း တွေ့ရှိရကြောင်း ပြောကြားခဲ့သည်။

‎ ■ ယာယီသမ္မတ က အခြေခံပညာစာသင်ကျောင်းများအားလုံး အဆင့်မြှင့်တင်နိုင်ရေးအတွက် အချိန်ယူဆောင် ရွက်သွားရ မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင်အစိုးရကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများရှိကြောင်း၊ ပြည်သူအများစုမှာ အစိုးရကျောင်းများတွင် တက်ရောက်ကြခြင်းဖြစ်ကြောင်း၊ အစိုးရအခြေခံပညာကျောင်းများတွင် တက်ရောက်ကြသည့် ကျောင်းသား၊ ကျောင်းသူများ၏ မိဘပြည်သူများအနေဖြင့် ၎င်းတို့၏ သားသမီးများအား ပုဂ္ဂလိကကျောင်းတွင် ထားနိုင်သည့်သူများမဟုတ်ဘဲ နိုင်ငံတော်မှ ဖွင့်လှစ်သည့် အခြေခံပညာကျောင်းများကို အဓိကအားကိုးရခြင်းဖြစ်ပြီး အများစုမှာ အစိုးရအခြေခံပညာကျောင်းများတွင် တက်ရောက်ကြခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် အစိုးရအခြေခံကျောင်းများ၏ ပညာရေးကောင်းမွန်အောင် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် အခြေခံပညာကျောင်းများ ဥပဓိရုပ်များ ကောင်းမွန်ရေးနှင့် ပညာသင်ကြားမှုများ အဆင်ပြေစေရေးအတွက် မိမိတို့အစိုးရတာဝန်ယူချိန်တွင် တတ်နိုင်သမျှ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နိုင်ငံ၏အနာဂတ် ကောင်းမွန်ရန်အတွက် ပညာရေးကို အခြေခံမှစ၍ကောင်းမွန်အောင် ပြုပြင်ပြောင်းလဲမှုများနှင့် အားပေးမှုများကို မဖြစ်မနေဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

‎Yangon_Times/PP