#Local_News
Published 30 May 2026
■ ချင်းပြည်နယ်၊ တွန်းဇံမြို့ ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများအတွက် လုပ်ငန်းသုံးပစ္စည်း၊လူသုံးကုန်ပစ္စည်းများရောက်ရှိပြီ ဖြစ်ကြောင်း သိရသည်။
■ အကြမ်းဖက်သမားများဖျက်ဆီးခဲ့မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရသည့် ဆေးရုံများ၊ စာသင်ကျောင်းများ၊ အစိုးရရုံးဌာနများနှင့် ဘာသာရေးဆိုင်ရာ အဆောက်အအုံများ၊ လမ်းတံတားများအား အမြန်ဆုံးပြန်လည်ပြုပြင် တည်ဆောက်ခြင်းလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် လိုအပ်သည့် ဘိလပ်မြေ၊ သွပ်၊ သွပ်ရိုက်သံ အစရှိသည့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများနှင့် ဒေသခံပြည်သူများအတွက် လူသုံးကုန်ပစ္စည်းများ၊ မီးဖိုချောင်သုံးပစ္စည်းများနှင့် ကျန်းမာရေးသုံးပစ္စည်းများ တင်ဆောင်လာသည့် မော်တော်ယာဉ်သည် ယနေ့တွင် ချင်းပြည်နယ်၊ တီးတိန်မြို့မှတစ်ဆင့် တွန်းဇံမြို့သို့ ရောက်ရှိခြင်းဖြစ်ကြောင်း သိရသည်။
■ ယင်းပစ္စည်းများမှာ နိုင်ငံတော်အစိုးရမှ ထောက်ပံ့ခြင်းဖြစ်ပြီး မေလ ၂၅ ရက်တွင် နေပြည်တော်နှင့် မန္တလေးမြို့တို့မှ တပ်မတော်လေယာဉ်များဖြင့် ကလေးမြို့သို့ လည်းကောင်း၊ မေလ ၂၆ ရက်တွင် ကလေးမြို့မှတစ်ဆင့် မော်တော်ယာဉ်များဖြင့် ဖလမ်းမြို့သို့ လည်းကောင်း၊ မေလ ၂၇ ရက်တွင် ကလေးမြို့မှတစ်ဆင့် မော်တော်ယာဉ်များဖြင့် တီးတိန်မြို့သို့ လည်းကောင်း၊ ယနေ့ မေလ ၂၉ ရက်တွင် တီးတိန်မြို့မှ တွန်းဇံမြို့သို့လည်းကောင်း အသီးသီးပို့ဆောင်ရောက်ရှိခဲ့ကြောင်း သိရသည်။
■ အဆိုပါ မော်တော်ယာဉ်များဖြင့် ရောက်ရှိလာသည့် ကုန်ပစ္စည်းများကိုသက်ဆိုင်ရာတာဝန်ရှိသူများက လက်ခံရယူခဲ့ကြပြီး ဒေသခံပြည်သူများ၏ လက်ဝယ်အရောက် ဆက်လက်ဖြန့်ဝေပေးအပ်ခဲ့ ကြောင်းနှင့် နိုင်ငံတော်အစိုးရအနေဖြင့် ဒေသ၏လိုအပ်ချက်အပေါ်မူတည်၍ ဖြည့်ဆည်းပေးနိုင်ရေး စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
Yangon_Times/PP